1 ပတ် - ဘာသာပြန်ပါ။

၈ ပွဲကိုင်တွယ်ပြီးချိန်တွင် ထုတ်ပယ်လိုက်တဲ့ နန်စီနေရာမှာ အိုနေးလ်အား ယာယီနည်းပြအဖြစ် ဆဲလ်တစ် ပြန်လည်ခန့်အပ်
======================

ဆဲလ်တစ်ဟာ ဝီလ်ဖရှိုင်းနန်စီကို ထုတ်ပယ်လိုက်ပြီးနောက် ဝါရင့်နည်းပြမာတင်အိုနေးလ်အား ရာသီအကုန်အထိ နည်ပြအဖြစ် ခန့်အပ်လာပါတယ်။
အသက် ၇၃ နှစ်ရှိ အိုနေးလ်ဟာ အောက်တိုဘာလတုန်းက ဘရန်ဒန်ရော်ဂျာ ထုတ်ပယ်ခံရချိန်တွင် ဆဲလ်တစ်အား ယာယီနည်းပြအဖြစ် ၈ ပွဲ ကိုင်တွယ်ခဲ့ပြီး ၇ ပွဲ အနိုင်ရအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။
ယင်းနောက် သူဟာ ဒီဇင်ဘာလတွင် နန်စီ ခန့်အပ်ခံလာရချိန်မှာတော့ ရာထူးမှ ထွက်ခွာခဲ့ပါတယ်။ ဒါပေမယ့် နန်စီဟာ ဆဲလ်တစ်အား ၈ ပွဲ ကိုင်တွယ်ရာတွင် ၂ ပွဲတည်းသာ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် ရာထူးမှ ထုတ်ပယ်ခြင်းခံလာရပါတယ်။
အိုနေးလ်ဟာ ၂၀၀၀ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ဆဲလ်တစ်ကို ကိုင်တွယ်ဖူးသူ ဖြစ်ပြီး ယင်းကာလအတွင်း ဆုဖလား ၇ လုံး ရယူပေးခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
အိုနေးလ်ရဲ့ လက်ထောက်နည်းပြများအဖြစ် ရှောင်မာလိုနေ၊ မတ်ဖိုသာရင်ဟမ်၊ စတီဖင်မက်မာနပ်စ်တို့က ထမ်းဆောင်လာပါမယ်။
နောက်ဆုံး ၁၄ ရာသီတွင် ၁၃ ကြိမ် ချန်ပီယံဖြစ်ထားတဲ့ ဆဲလ်တစ်ဟာ စကော့တလန်ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၂ နေရာတွင် ရပ်တည်နေပြီး ထိပ်ဆုံးမှ ဟတ်နှင့် ၆ မှတ်ကွာဟနေပါတယ်။
၎င်းတို့ဟာ နန်စီလက်ထက်တွင် စိန့်မာရန်အား လိဂ်ဖလားဗိုလ်လုပွဲတွင် ရှုံးနိမ့်ထားပါတယ်။ အိုနေးလ်ဟာ ယခုရာသီ ယာယီနည်းပြအဖြစ် ကိုင်တွယ်စဉ်တုန်းက လိဂ်ဖလားဗိုလ်လုပွဲသို ပို့ဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။
လက်စတာ၊ ဗီလာ၊ ဆန်းဒါးလန်းနှင့် နော်တင်ဟမ်ဖောရက်စ်နည်းပြဟောင်းဟာ နန်စီ မရောက်လာမီ ဆဲလ်တစ်အား လိဂ်ပွဲ ၅ ပွဲ ကြီးကြပ်ခဲ့ရာမှာ ၅ ပွဲလုံး အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။