5 ပတ် - ဘာသာပြန်ပါ။

ဂျာမန်ဘာသာစကားမှာ သင်ကြားရ အလွန်ခက်ခဲကြောင်း ပြောကြားကာ အနာဂတ်အား အရိပ်အမြွက်ပြောဆိုလာတဲ့ ဟယ်ရီကိန်း
======================

ဟယ်ရီကိန်းက ဂျာမန်ဘာသာစကားမှာ သင်ကြားရ အလွန်ခက်ခဲကြောင်း ဝန်ခံပြောဆိုလာကာ ဘိုင်ယန်မြူးနစ်အနာဂတ်အပေါ် အရိပ်အမြွက်ပြောဆိုလာပါတယ်။
စပါးစ်တိုက်စစ်မှူးဟောင်းဟာ ၂၀၂၃ ခုနှစ်နွေရာသီတွင် ဘိုင်ယန်မြူးနစ်သို့ ရောက်လာပြီးနောက် ဘာသာစကားသင်ကြားလာခဲ့ခြင်းဖြစ်ပေမယ့် ယခုတိုင် စကားကောင်းကောင်းပြောဆိုနိုင်ရန် ရုန်းကန်နေရတုန်း ဖြစ်ပါတယ်။
သူဟာ ဂျာမန်ဘာသာစကားသင်ကြားရ ခက်ခဲနေပေမယ့်လည်း ကွင်းအတွင်းတွင်မူ အကောင်းဆုံးပုံစံဖြင့် ကစားနေပါတယ်။
၎င်းက "ကြိုးစား သင်ကြားလိုပါတယ်။ ဒီနိုင်ငံ၊ ဒီယဉ်ကျေးမှုနဲ့ အသားကျဖို့ ကြိုးစားချင်တယ်။ အပတ်တိုင်း ဂျာမန်သင်ခန်းစာ အနည်းဆုံး တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် သင်လိုပါတယ်။ ဒါက အရမ်းခက်တယ်။ ဒါပေမယ့် ကြိုးစားသင်ယူနေပါတယ်"လို့ ပြောကြားသွားပါတယ်။
စက်တင်ဘာလတုန်းကလည်း အသက် ၃၂ နှစ်ရှိ အင်္ဂလန်အသင်းခေါင်းဆောင်က ဂျာမန်ဘာသာစကားသင်ကြားတုန်း ဖြစ်ကြောင်း၊ သို့ရာတွင် ပြောဆိုရန် မဝံ့မရဲဖြစ်နေတုန်း ဖြစ်ကြောင်း ပြောဆိုခဲ့ဖူးပါတယ်။
၎င်းက "ဂျာမန်စကားက အဆင်ပြေပါတယ်။ ဒီနေ့လေ့ကျင့်ရေးအစီအစဉ်ပြီးတော့ သင်ခန်းစာတစ်ခုသင်ခဲ့တယ်။ အခုစကားလုံးအချို့ ပြောနိုင်ပြီ။ တချို့အရာတွေ နားလည်နိုင်ပါပြီ။ ဒါပေမယ့် အမြဲတမ်းလေ့ကျင့်နေဖို့ လိုတယ်"လို့ ဆိုသွားပါတယ်။
ဒါပေမယ့် ဟယ်ရီကိန်းဟာ ဂျာမန်ဘာသာစကားကျွမ်းကျင်စွာ ပြောဆိုနိုင်ဖို့များစွာ လိုအပ်နေပါသေးတယ်။
ဟယ်ရီကိန်းက "အရမ်းခက်တယ်။ ရိုးသားစွာပဲ ပြောတာပါ။ ဒါပေမယ့် တစ်ပတ် နှစ်ကြိမ် ကြိုးစားသင်သွားမယ်။ အခု အဝတ်အစားလဲခန်းမှာ လူတွေ ပြောတာ တဖြည်းဖြည်းနားလည်လာနေပါပြီ။ ရာသီကုန်ရင်တော့ စကားအပြန်အလှန်ပြောတာ ဖြစ်ဖြစ်၊ ဂျာမန်အင်တာဗျူးပဲ ဖြစ်ဖြစ် လုပ်နိုင်ကောင်းတန်ရဲ့။ အခု ကိုယ့်ကိုယ်ကို ဒီအတွက် ဖိအားပေးနေတယ်"လို့ ပြောကြားသွားပါတယ်။
အကြိုက်ဆုံးဂျာမန်ဘာသစကားကို မေးမြန်းလာချိန်တွင် ဟယ်ရီကိန်းက "Tor!" (ဂိုး)လို့ ပြောကြားသွားပါတယ်။
ဟယ်ရီကိန်းဟာ ဘိုင်ယန်မြူးနစ်နှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူ ဖြစ်ပြီး လာမယ့်နွေရာသီမှာ ထွက်ခွာဖို့ အစီအစဉ် မရှိပါဘူး။
၎င်းက "ဘယ်သူ့ဆီကမှ အဆက်အသွယ်မရပါဘူး။ ဘယ်သူကမှလည်း မဆက်သွယ်ပါဘူး။ အခုအခြေအနေအပေါ်မှာ သက်တောင့်သက်သာ ရှိပါတယ်။ လက်ရှိ ဘိုင်ယန်အခြေအနေအပေါ် မဆွေးနွေးရသေးပါဘူး။ အလျှင်လည်း မလိုပါဘူး။ မြူးနစ်မှာ အရမ်းပျော်ပါတယ်။ ကျွန်တော့်ကစားပုံကြည့်ရင် မြင်နိုင်ပါတယ်။ စာချုပ်ကိစ္စရှိလာရင် သိလာရမှာပါ။ ဒါပေမယ့် အခု ရာသီသစ်အတွက် မတွေးသေးပါဘူး။ ပထမဆုံး ကမ္ဘာ့ဖလားလာပါဦးမယ်။ ဒီရာသီပြီးရင်လည်း ဘာမှ ပြောင်းလဲလာဦးမှာ မဟုတ်ပါဘူး။ မြူးနစ်က ကျွန်တော့်အိမ်ဖြစ်နေပါပြီ။ ကျွန်တော့်မိသားစုရော ကျွန်တော်ရော ဒီမှာ အစစအရာရာအဆင်ပြေတယ်။ ကလပ်နဲ့ ပရိသတ်တွေကလည်း အရမ်းကောင်းတယ်။မြူးနစ်က ကျွန်တော့်နှလုံးထဲမှာ အမြဲရှိနေမှာပါ"လို့ ပြောကြားသွားပါတယ်။
ဟယ်ရီကိန်းဟာ ဘိုင်ယန်မြူးနစ်အတွက် ကစားတဲ့ ၁၂၁ ပွဲတွင် ၁၁၅ ဂိုးအထိ သွင်းထားပါတယ်။ သူဟာ ယခုရာသီတွင် ပြိုင်ပွဲအရပ်ရပ်တွင် ၂၅ ပွဲတွင် ဂိုး ၃၀ အထိ သွင်းထားနိုင်ပါတယ်။