1 ပတ် - ဘာသာပြန်ပါ။

စထရာဘော့ပရိသတ်များကို နှုတ်ဆက်လာတဲ့ ချဲလ်ဆီးပစ်မှတ် ရိုစီနီယာ
===================

လီယမ်ရိုစီနီယာဟာ လီဂူး ၁ ကလပ် စထရာဘော့ပရိသတ်များကို နှုတ်ဆက်လာမှုနှင့်အတူ ချဲလ်ဆီးအသင်းကို ပြောင်းလဲ ကိုင်တွယ်လာဖို့ ရှိနေပါတယ်။
ဟားလ်စီးတီးနှင့် ဘရိုက်တန်နောက်ခံလူဟောင်းဟာ နှစ်သစ်ကူးတွင် ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ အန်ဇိုမာရက်စ်ကာရဲ့ နေရာတွင် အစားထိုးခန့်အပ်ခြင်းခံရရန် ထိပ်ဆုံးမှ ရေပန်းစားနေသူလည်း ဖြစ်ပါတယ်။
ရိုစီနီယာဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လကတည်းက ပြင်သစ်ကလပ် စထရာဘော့အား ကိုင်တွယ်လာသူ ဖြစ်ပါတယ်။
အသက် ၄၁ နှစ်ရှိ ရိုစီနီယာဟာ စနေနေ့ညတုန်းက နိုက်စ်နှင့် တစ်ဂိုးစီသရေကျတဲ့ပွဲအပြီးတွင် ပရိသတ်များအား လှည့်လည်နှုတ်ဆက်လာမှုနှင့်အတူ ချဲလ်ဆီးသို့ ပြောင်းရွှေ့လာတော့မယ်လို့ ယူဆရပါတယ်။
ရိုစီနီယာက "အရမ်းလှတဲ့မြို့၊ အရမ်းသဘောကောင်းတဲ့ လူတွေ ရှိတဲ့ ကြီးကျယ်တဲ့ကလပ်ပါ။ အားလုံးကို ချစ်တယ်။ ကစားသမားတွေကလည်း အရမ်းတော်ကြတယ်။ ဒီကလပ်အတွက် အကောင်းဆုံးဖြစ်စေချင်ပါတယ်။ ဒီပွဲက နောက်ဆုံးပွဲလားဆိုတာ မသိပါဘူး။ ဘဝမှာ ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူမှ မသိပါဘူး"လို့ ပြောကြားသွားပါတယ်။
စထရာဘော့အသင်းကို ချဲလ်ဆီးအသင်းပိုင်ရှင် BlueCo ကပင် ပိုင်ဆိုင်ထားတာ ဖြစ်ပြီး လီဂူး ၁ အဆင့် ၇ မှာ ရပ်တည်နေပါတယ်။
မာရက်စ်ကာဟာ ၂၀၂၄ ခုနှစ် နွေရာသီတွင် ချဲလ်ဆီးနည်းပြရာထူးကို ရယူပြီးနောက် ကွန်ဖရင့်လိဂ်ဖလားနှင့် ကလပ်ကမ္ဘာ့ဖလားတို့ ရယူပေးခဲ့တဲ့အပြင် ချန်ပီယံလိဂ်သို့လည်း ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။
ဒါပေမယ့် သူဟာ မန်စီးတီးအား ရာသီအကုန်တွင် ကိုင်တွယ်ရန် ဆွေးနွေးမှု၊ ဆေးအဖွဲ့ရဲ့ အကြံပေးမှုအား ပယ်ချကာ ကစားသမားများကို အသုံးပြုမှု၊ ကလပ်ရဲ့ အတွင်းရေးကို လူသိရှင်ကြားပြောဆိုမှုတို့ကြောင့် ရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
စထရာဘော့အား ကိုင်တွယ်တဲ့ ပထမဆုံးရာသီတွင် ကွန်ဖရင့်လိဂ်သို့ ပို့ဆောင်ပေးနိုင်ခဲ့တဲ့ ရိုစီနီယာက "ဒီဆွေးနွေးမှုတွေက ဘာမှ အတည်အကျ မပြောနိုင်သေးပါဘူး။ သူတို့ပဲ ဆွေးနွေးနေတာပါ။ ဖြစ်လာမယ့်အရာက ဖြစ်လာမှာပါ။ စထရာဘော့က စိတ်လှုပ်ရှားစရာကောင်းတဲ့လူတွေ ရှိနေတဲ့ စိတ်လှပ်ရှားစရာကောင်းတဲ့ကလပ်ပါ။ အားလုံးကို ချစ်တယ်။ ကစားသမားတွေကိုလည်း ချစ်တယ်။ ဒီက ပရိသတ်နဲ့ ဒီမှာ ရှိတဲ့လူအားလုံးကိုလည်း ချစ်ပါတယ်"လို့ ပြောကြားသွားပါတယ်။