ကလောမြို့ရှိ မောမြေဦးပန်းခြံ၌ ပထမအကြိမ် ပန်းပွဲတော်ကို ဇန်နဝါရီ ၁ ရက်မှ ၁၅ ရက်အထိ ဝင်ကြေးအခမဲ့ဖြင့် ကျင်းပ

ကလောမြို့ရှိ မောမြေဦးပန်းခြံ၌ ပထမအကြိမ် ပန်းပွဲတော်ကို ဇန်နဝါရီ ၁ ရက်မှ ၁၅ ရက်အထိ ဝင်ကြေးအခမဲ့ဖြင့် ကျင်းပနေကြောင်း သိရသည်။
ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ ကလောမြို့ရှိ မောမြေဦးပန်းခြံ၌ ပထမအကြိမ် ပန်းပွဲတော်ဖွင့်ပွဲကို ဇန်နဝါရီ ၁ ရက်မှစ၍ အဆိုပါပန်းခြံရှေ့၌ ကျင်းပနေကြောင်း သိရသည်။
ပန်းပွဲတော်ဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပန်းပွဲတော်တွင် နိုင်ငံခြားဖြစ်ပန်းမျိုးစိတ်များ အပါအဝင် ဒေသထွက် ပန်းမျိုးစိတ်များကို ပြသထားရှိကြောင်း၊ ထို့ပြင် ပွဲတော်တွင် သစ်ခွဥယျာဉ်နှင့် ပန်းအမျိုးအစားများစွာကို အသုံးပြု၍ မြေယာရှုခင်းအလှများ ပုံဖော်ပြသထားကြောင်း ပြောကြားသည်။
လာရောက်လည်ပတ်သူများအတွက် စာအုပ်စာစောင်များ အနားယူဖတ်ရှုနိုင်မည့် စာကြည့်တိုက်ပါဝင်ပြီး အလှဓာတ်ပုံရိုက်ကူးရန် နေရာများစွာကိုလည်း စီစဉ်ဆောင်ရွက်ထားကြောင်း၊ အားကစားကွင်းနှင့် ကလေးကစားကွင်းများ၊ ဒေသထွက် အစားအစာအရောင်းဆိုင်များလည်း ပါဝင်သည့်အတွက် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများနှင့် ပန်းချစ်သူများအနေဖြင့် ကလောမြို့ ပန်းပွဲတော်သို့ ဝင်ကြေးအခမဲ့ဖြင့် လာရောက်လည်ပတ်အပန်းဖြေ လေ့လာနိုင်မည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားသည်။
ထို့နောက် ပန်းပွဲတော်ကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ စစ်ဦးစီးတက္ကသိုလ်(ခေတ္တ) ကျောင်းအုပ်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါပန်းပွဲတော်ကို ဇန်နဝါရီ ၁ ရက်မှ ၁၅ ရက်အထိ ဝင်ကြေးအခမဲ့ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။