ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် ဘေဂမ်ခါလီဒါဇီယာ ကွယ်လွန်သည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် ဘေဂမ်ခါလီဒါဇီယာသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ကွယ်လွန်သွားသည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းသည် ရန်ကုန်မြို့ ကမာရွတ်မြိုနယ် သံလွင်လမ်းအမှတ် ၁၁ (ဘီ) မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံရုံးရှိ ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်၌ ယမန်နေ့က လက်မှတ်သွားရောက်ရေးထိုးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးသည် သံရုံး၌ တာဝန်ရှိသူများနှင့် တွေ့ဆုံနှုတ်ဆက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံးအမျိုး သမီးဝန်ကြီးချုပ် ဘေဂမ်ခါလီဒါဇီယာ ကွယ်လွန်သွားခဲ့ခြင်းအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား ဝမ်းနည်းမိပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရ၊ ပြည်သူနှင့် မစ္စဘေဂမ်ခါလီဒါဇီယာ၏ မိသားစုဝင်များကို စာနာထောက်ထားပါကြောင်း သတင်းစကားပြောကြားပြီး ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်း လည်း ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် ဘေဂမ်ခါလီဒါဇီယာသည် ၂၀၀၃ ခုနှစ် မတ် ၁၉ ရက်မှ ၂၁ ရက်အထိ မြန်မာနိုင်ငံသို ချစ်ကြည်ရေးခရီး လာရောက်ခဲ့သူဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် (၈၀) ရှိပြီဖြစ်ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း Begum Khaleda Zia ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် အဂတိလိုက်စားမှုဖြင့် ထောင်ချခံခဲ့ရခြင်းလည်းဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် မတ် ၂၅ ရက်တွင် အခြေအနေအချို့ဖြင့် ယာယီပြန်လွတ်လာပြီးနောက်ပိုင်း ခါလီဒါသည် အကြိမ်ကြိမ်ဆေးရုံတက်ခဲ့ရကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင်ဆေးကုသမှုခံယူရင်း ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိ-ရသည်။