ဇန်နဝါရီ ၁၀ ရက် (စနေနေ့) မှာ ဘဏ်တွေ ဖွင့်ရမယ်

လာမယ့် ဇန်နဝါရီ ၁၀ ရက် (စနေနေ့) ဟာ အစားထိုး “အလုပ်ဖွင့်ရက်” ဖြစ်တဲ့အတွက် အဲဒီရက်မှာ ဘဏ်တွေအားလုံး ဖွင့်ထားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အသိပေး ကြေညာထားပါတယ်။
လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများ အက်ဥပဒေအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်နေ့ (စနေနေ့) ဟာ “အများပြည်သူ အလုပ်ပိတ်ရက်” ဖြစ်တာကြောင့် ဘဏ်များအားလုံး ပိတ်ထားမှာ ဖြစ်တဲ့အတွက် အဲဒီနေ့အစား ဇန်နဝါရီ ၁၀ ရက် (စနေနေ့) ကို အစားထိုး “အလုပ်ဖွင့်ရက်” အဖြစ် အစိုးရက ပြောင်းလဲ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
အရင်က ဇန်နဝါရီ ၃ ရက်နေ့ (စနေနေ့) ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက် (သောကြာနေ့) ပိတ်ရက်အတွက် အစားထိုး အလုပ်ဖွင့်ရက်အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၆ ရက်နေ့ဟာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက် (ခရစ္စမတ်နေ့)၊ ၂၇ ရက် (စနေနေ့) နဲ့ ၂၈ ရက် (တနင်္ဂနွေနေ့) တို့ကြား ရောက်ရှိနေတဲ့အတွက် အဲဒီရက်ကို တဆက်တည်း ရုံးပိတ်ရက်အဖြစ် သတ်မှတ်ခဲ့တာပါ။
ဒါပေမယ့် ဒီဇင်ဘာ ၂၆ ရက်နေ့အတွက် အစားထိုး အလုပ်ဖွင့်ရက်ဖြစ်တဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်နေ့ (စနေနေ့) ဟာ နိုင်ငံတကာ နှစ်သစ်ကူး ရုံးပိတ်ရက်တွေနဲ့ လွတ်လပ်ရေးနေ့ ရုံးပိတ်ရက်ကြား ရောက်ရှိနေတာကြောင့် အဲဒီနေ့အတွက် အစားထိုး ရုံးတက်ရက်ကို ဇန်နဝါရီ ၁၀ ရက် (စနေနေ့) အဖြစ် ပြင်ဆင် သတ်မှတ်လိုက်တာဖြစ်ပြီး အဲဒီနေ့မှာ အစိုးရ၊ ပုဂ္ဂလိက ဘဏ်တွေအားလုံးကိုလည်း ဖွင့်လှစ်ပေးထားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို ရုံးပိတ်ရက်ရှည်တွေနဲ့ ပတ်သက်လို့ ပြည်သူတယောက်က “အစားထိုး အလုပ်ဖွင့်ရက်လည်း ရှိသလို အစားထိုး အလုပ်ပိတ်ရက်လည်း ရှိစေချင်တယ်။ အရင်ကဆို စနေ၊ တနင်္ဂနွေ ပိတ်ရက်က အထိမ်းအမှတ်နေ့ တခုခုနဲ့ တိုက်နေရင် တနင်္လာလို နေ့မျိုးကို အစားထိုး ပိတ်ပေးတာမျိုး ရှိခဲ့ဖူးတယ်။ အဲဒီလိုမျိုး အစားထိုး ပိတ်ရက် ပြန်ပေးရင် ပိုကောင်းမယ်။ အခု ဒီ တဆက်တည်း ပိတ်ရက်မှာဆိုရင်လည်း ဇန်နဝါရီ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့) က တနင်္ဂနွေနေ့နဲ့ တိုက်နေတော့ အဲဒီလိုနေ့အတွက်ကို အစားထိုး ပြန်ပိတ်ပေးတာမျိုး ရှိစေချင်တယ်” လို့ ပြောပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ အများပြည်သူနဲ့ နိုင်ငံ့ဝန်ထမ်းတွေ ခရီးသွားလာမှု လွယ်ကူစေဖို့၊ ရက်ရှည်အနားယူ အပန်းဖြေနိုင်စေဖို့ ရည်ရွယ်ချက်နဲ့ ရုံးပိတ်ရက်ရှည်တွေကို လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်နေ့မှ စတင်ကာ ပြန်လည် သတ်မှတ်ပေးခဲ့တာဖြစ်ပြီး အဲဒီလို ရုံးပိတ်ရက်ရှည်တွေအတွက် အနီးဆုံး စနေနေ့ တရက်ကို အစားထိုး ရုံးတက်ရက်အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
အရင်က ၂ဝ၂၃ နှစ် ပြက္ခဒိန်နှစ်အထိ အသုံးပြုခဲ့တဲ့ အစားထိုး ရုံးပိတ်ရက်တွေနဲ့ ရက်ရှည်ပိတ်ရက်တွေကို စီးပွားရေးလုပ်ငန်းတွေ အပါအဝင် ကုန်ထုတ်လုပ်မှုတွေ ထိရောက်စွာ လည်ပတ်နိုင်ဖို့ အစိုးရက ၂၀၂၄ ခုနှစ် ပြက္ခဒိန်နှစ်မှာ အစားထိုး ပိတ်ရက်တွေကို ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။