6 ပတ် - ဘာသာပြန်ပါ။

ဝက်လက်၊ ရွှေဘိုနဲ့ ကန့်ဘလူမှာ စစ်ရေး ဆက်လက် တင်းမာနေ

စစ်ကိုင်းတိုင်းအတွင်းက ဝက်လက်၊ ရွှေဘိုနဲ့ ကန့်ဘလူမြို့နယ်တွေမှာ အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေကြောင့် တိုက်ပွဲတွေဖြစ်နေပြီး စစ်ရေး ဆက်လက် တင်းမာနေဆဲ ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
လက်ရှိမှာ အစိုးရတပ်ဟာ ဝက်လက်နယ် ဧရာဝတီမြစ်ရိုးတလျှောက်နဲ့ ဝက်လက်နဲ့ ရွှေဘိုအစပ်တွေမှာ စစ်ကြောင်း သုံးကြောင်းခွဲကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး ဒေသတွင်း လက်နက်ကိုင်တပ်တွေ ကြားဖြတ် တိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။
“ရွှေဘိုနဲ့ ဝက်လက်ကတော့ အစိုးရတပ်ကို ခုခံကာကွယ်နေရတာ လပေါင်းများစွာ ရှိနေပြီပေါ့။ လက်ရှိမှာ အစိုးရတပ်က ရှားကွဲရွာနဲ့ ချောင်းမီးတို ကြားကနေ စစ်ကြောင်းတကြောင်း၊ သစ်ဆိမ့်ကြီးရွာနဲ့ ရှိမ္မကားဘက်ကနေ စစ်ကြောင်း နှစ်ကြောင်းခွဲပြီး နယ်မြေရှင်းလင်းရေး လုပ်နေတယ်။ လေကြောင်းကနေ အင်အားဖြည့်တာတွေလည်း ရှိနေတာဆိုတော့ စစ်ရေးအခြေအနေကတော့ ပိုပြီး တင်းမာလာနိုင်တယ်” လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
ဒါကြောင့် ဒေသခံ ပြည်သူတွေအနေနဲ့ ဒီကနေ့ ဇန်နဝါရီ ၂ ရက်နေ့မှာ မြေပြင် စစ်ကြောင်းတွေ လှုပ်ရှားလာနိုင်တာကို သတိပြုရမှာဖြစ်သလို လေကြောင်းနဲ့ လက်နက်ကြီးရန်ကိုလည်း အမြဲမပြတ် သတိထားကြဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ကလည်း ဝက်လက်နယ် အနောက်ခြမ်း လိင်ပင်ကျေးရွာမှာ လေကြောင်း တိုက်ခိုက်မှုအပြင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုကြောင့် သုံးယောက် သေဆုံးပြီး ငါးယောက် ဒဏ်ရာရရှိခဲ့ကာ နေအိမ် လေးလုံးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိတွင် စစ်ကိုင်းတိုင်းအတွင်း လေကြောင်းပျံသန်းမှုတွေ ဆက်တိုက်ဆိုသလို ရှိနေပြီး ကန့်ဘလူ၊ ခင်ဦး၊ အင်းတော်ဘက်မှာလည်း လေယာဉ်အများအပြား ဖြတ်သန်းထားတဲ့အတွက် စစ်ရေး တင်းမာမှုတွေ ရှိနေနိုင်တယ်လို့ သိရပါတယ်။
“ကင်းထောက် လေယာဉ်တွေဆိုတာ နေ့တိုင်းဝဲနေတာ။ Spy Balloon တွေ၊ ဒရုန်းတွေဆိုတာလည်း နေ့ညမပြတ် ပျံသန်းနေတာ။ အစိုးရတပ်က ကန့်ဘလူမြို့ ၆၀၀၆ တပ်ထဲကို ထောက်ပို့ ရဟတ်ယာဉ်တွေနဲ့ စစ်ကူတွေ ဆက်တိုက်ပို့နေတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိမှာ စစ်ရေးအခြေအနေကြောင့် တန့်ဆည်နဲ့ ကျွန်းလှမြို့နယ်တွေကို ဆက်သွယ်ထားတဲ့ ကံထူးမ - နဘက်ကြီး - ပုတီး - ညောင်ကိုင်း - လိပ်ဆင်းတောင် - ဆိပ်ဖူးလမ်းပိုင်း ပိတ်ထားဆဲ ဖြစ်သလို ကန့်ဘလူမြို့နယ်ထဲက ရွှေဘို - မြစ်ကြီးနား ဗျူဟာလမ်းပိုင်းကိုလည်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့ကစပြီး ဒေသတွင်း လက်နက်ကိုင်တပ်တွေက လမ်းပိတ်ထားတယ်လို့ သိရပါတယ်။
လက်ရှိ စစ်ကိုင်းတိုင်းအတွင်း ဘုတလင်မြို့မှာ တိုက်ပွဲ ပြင်းထန်နေသလို စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည် နယ်စပ် ကသာမြို့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ဆက်သွယ်ထားရာ လမ်းကြောင်းပေါ်ရှိ ဗန်းမောက်မြို့အနီးမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ခင်ဦးနယ်အတွင်းမှာလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း နှစ်ကြိမ်ထက်မနည်း လေကြောင်း တိုက်ခိုက်ခံထားရတဲ့ ရွှေဘို - မြစ်ကြီးနားလမ်းတလျှောက် စစ်ရေး တင်းမာမှုတွေ ရှိနေသလို ကလေးနဲ့ တမူးမြို့နယ်တွေမှာလည်း အစိုးရတပ်က နယ်မြေ ပြန်လည်စိုးမိုးနိုင်ရေး ဆက်တိုက် ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။
ဒါအပြင် တန့်ဆည်နဲ့ ကန့်ဘလူနယ် သဖန်းဆိပ်ဆည်နားက ကျေးရွာချို့ကိုလည်း ဒေသတွင်း လက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားတာကြောင့် စစ်ရေး တင်းမာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။