သတ်မှတ်မိုင်နှုန်းထက် ၆ မိုင်သာ ပိုမောင်းပေမယ့် ယာဉ်မောင်းခွင့် တစ်နှစ်ပိတ်ပင်ခြင်းခံလာရတဲ့ ပရီးမီးယားလိဂ်စတား
======================

ပရီးမီးယားလိဂ်စတားအီဘရာဟမ်ဆန်ဂါရီဟာ သတ်မှတ်မိုင်နှုန်းထက် ၆ မိုင်တည်းသာ ပိုမောင်းခဲ့ပေမယ့်လည်း ယာဉ်မောင်းခွင့် တစ်နှစ်ပိတ်ပင်ခြင်းခံလာရပါတယ်။
ပေါင်သန်း ၂၀ တန် နော်တင်ဟမ်ဖောရက်စ်အလယ်တန်းကစားသမားဟာ ဧပြီလ ၁၂ ရက်နေ့တုန်းက တစ်နာရီလျှင် မိုင် ၃၀ နှုန်းဖြင့်သာ မောင်းခွင့်ရှိတဲ့ ဇုန်တွင် ၃၆ မိုင်နှုန်းဖြင့် မောင်းနှင်ကြောင်း ရဲကားတွင် တပ်ဆင်ထားတဲ့ ကင်မရာက ဖမ်းမိခဲ့တာလည်း ဖြစ်ပါတယ်။
အသက် ၂၇ နှစ်ရှိ ဆန်ဂါရီက ယာဉ်စည်းကမ်းချိုးဖောက်ချိန်တွင် ပေါင် ၂ သိန်းတန် Mercedes-Benz G63 ကို မောင်းနှင်နေကြောင်း ဝန်ခံထားပါတယ်။
သူဟာ နော်တင်ဟမ်ဖောရက်စ်အကယ်ဒမီနှင့် တစ်မိုင်ခန့်အကွာတွင် ဖမ်းမိခဲ့တာ ဖြစ်ပြီး လေ့ကျင့်ရေးကွင်းသို့ သွားစဉ် ယာဉ်စည်းကမ်းချိုးဖောက်တာလို့ ယူဆရပါတယ်။
သူဟာ Single Justice Procedure စနစ်အရ ဒီဇင်ဘာလ ၁၆ ရက်နေ့ ရုံးချိန်းသို့ ကိုယ်တိုင်တက်ရောက်စရာမလိုပါဘူး။
အိုင်ဗရီကို့စ်နှင့်အတူ အာဖရိကဖလားပြိုင်ပွဲ ယှဉ်ပြိုင်နေတဲ့ သူဟာ ယာဉ်စည်းကမ်းချိုးဖောက်မှုကြောင့် လိုင်စင်တွင် ၉ ပွိုင့်တည်းသာ ကျန်တော့သူလို့ ယူဆရပါတယ်။ ယင်းအချက်ကြောင့်လည်း သူဟာ သတ်မှတ်မိုင်နှုန်းထက် ၆ မိုင်သာ ပိုမောင်းပေမယ့်လည်း တစ်နှစ်ယာဉ်မောင်းခွင့်ပိတ်ပင်ခံလာရတာလို့ ယုံကြည်ရပါတယ်။
သူဟာ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းမှုကြောင့် ၁၂ ပွိုင့်လျှော့ချခြင်းခံရမှုနှင့်အတူ ၁၂ လအထိ ယာဉ်မောင်းခွင့်ပိတ်ပင်ခံလာရတာပါ။
သူဟာ ယာဉ်မောင်းခွင့် တစ်နှစ်ပိတ်ပင်ခံရတဲ့အပြင် ဒဏ်ငွေ ပေါင် ၂၂၀၊ ရုံးစရိတ် ပေါင် ၁၂၀ အပြင် ထပ်ဆောင်းငွေ ၈၈ ပေါင်ကိုပါ ပေးရပါမယ်။
ဆန်ဂါရီဟာ ရှောင်ဒိုက်ချီလက်အောက်တွင် အရေးပါတဲ့ ကစားသမားများထဲမှ တစ်ဦးဖြစ်ပြီး ယခုရာသီတွင် ပရီးမီးယားလိဂ်ပွဲ ၁၃ ပွဲကစားထားပါတယ်။