နိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ်ပက်ထရစ်လူမမ်ဘာကို ဂုဏ်ပြုတဲ့အနေဖြင့် ၁၁၅ မိနစ်တိုင်တိုင် တစ်ပွဲလုံး ရုပ်ထုလို ရပ်နေခဲ့တဲ့ ကွန်ဂိုပရိသတ်
========================
ဒီမိုကရက်တစ်ကွန်ဂိုပရိသတ်တစ်ဦးဟာ နိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ်ပက်ထရစ်လူမမ်ဘာကို ဂုဏ်ပြုတဲ့အနေဖြင့် တစ်ပွဲလုံး ရုပ်ထုလို ငြိမ်သက်နေခဲ့ပါတယ်။
ကွန်ဂိုဟာ အင်္ဂါနေ့ညတုန်းက ဘော့ဆွာနာကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိကာ အာဖရိကဖလား ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ခွင့်ရခဲ့ပါတယ်။
ယင်းပွဲတွင် ကွင်းအတွင်း ကွန်ဂိုပရိသတ်များရဲ့ အကြီးအကျယ်အောင်ပွဲခံမှုမှာ အွန်လိုင်းတွင် ပျံ့နှံ့နေပါတယ်။
အထူးသဖြင့် ကွင်းအတွင်း ရှိနေတဲ့ ကူကာအမ်ဘိုလာဒင်ဂါဟာ ၁၉၆၁ ခုနှစ်တုန်းက လုပ်ကြံခြင်းခံခဲ့ရတဲ့ နိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ်လူမမ်ဘာအား ဂုဏ်ပြုတဲ့အနေဖြင့် တစ်ပွဲလုံး ရုပ်ထုလို ငြိမ်သက် ဂုဏ်ပြုတဲ့ လုပ်ရပ်က အွန်လိုင်းတွင် ပျံ့နှံ့နေပါတယ်။
အမ်ဘိုလာဒင်ဂါဟာ လူမမ်ဘာကဲ့သို့ ဂျက်ကက်၊ နက်ကတိုင် ဝတ်စားဆင်ယာကာ လူမမ်ဘာရုပ်ထုကဲ့သို့ ငြိမ်သက်စွာ ရပ်နေခဲ့တာလည်း ဖြစ်ပါတယ်။
လူမမ်ဘာဟာ ၁၉၆၀ ခုနှစ်တွင် ဘယ်လ်ဂျီယံလက်အောက်မှ လွတ်လပ်ရေး ရပြီးနောက် ကွန်ဂိုရဲ့ ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာသူလည်း ဖြစ်ပါတယ်။
အမ်ဘိုလာဒင်ဂါဟာ လူမမ်ဘာကဲ့သို့ ညာဖက်လက်ကို လေထဲမှာ မြှောက်ပြီး တစ်ပွဲလုံး ငြိမ်သက်စွာ ရပ်နေခဲ့တာပါ။
အမ်ဘိုလာဒင်ဂါရဲ့ အံမခန်း လုပ်ဆောင်မှုကို ဘောလုံးပရိသတ်များက ချီးကျူးလျက်ရှိကြပါတယ်။