နှလုံးပြဿနာကြောင့် အရေးပေါ် ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရတဲ့ ဘရာဇီးနှင့် ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ရောဘတ်တိုကားလို့စ်
======================

ရောဘတ်တိုကားလို့စ်ဟာ နှလုံးပြဿနာရှိကြောင်း စစ်ဆေးတွေ့ရှိရပြီးနောက် အရေးပေါ် ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရပါတယ်။
အသက် ၅၂ နှစ်ရှိ ဘရာဇီးဂန္ထဝင်ဟာ မွေးရပ်မြေတွင် ဇနီးသည်၊ ကလေး ၁ ဦးတို့နှင့်အတူ ရှိနေစဉ် အရေးပေါ် ပြဿနာကြုံကာ ဆေးရုံတက်ခဲ့ရတာလည်း ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ဟာ ဒီဇင်ဘာလတုန်းက အမေရိကန်သို့ ခရီးသွားကာ ကမ္ဘာ့ဖလားမဲခွဲပွဲသို့ တက်ခဲ့ရပြီး အလုပ်ရှုပ်တဲ့ လတစ်လကြုံရပြီးနောက် မွေးရပ်မြေဘရာဇီးတွင် အပန်းဖြေနေတာလည်း ဖြစ်ပါတယ်။
စပိန်သတင်းစာ AS ရဲ့ဖော်ပြလာမှုအရ ကားလို့စ်ဟာ ဘယ်ဖက်ခြေထောက်သွေးခဲမှု ဖြစ်စဉ်ကြောင့် ဆေးရုံသွားကာ ခန္ဓာကိုယ်တစ်ခုလုံးအား MRI စစ်ဆေးမှုခံယူစဉ် နှလုံးရောဂါပြဿနာကို တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။
ကားလို့စ်ဟာ ယင်းနှလုံးပြဿနာကြောင့် ချက်ချင်းပင် အရေးပေါ် ခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်။
ပုံမှန်အားဖြင့် ယင်းခွဲစိတ်ကုသမှုမှာ မိနစ် ၄၀ သာ ကြာမြင့်လေ့ရှိပေမယ့်လည်း ကားလို့စ်မှာမူ ၃ နာရီနီးပါးအထိ အချိန်ယူခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရပါတယ်။
ကားလို့စ်ရဲ့ ခွဲစိတ်ကုသမှုက မျှော်မှန်းထားသလို အောင်မြင်မှု ရရှိခဲ့ပြီး ၄၈ နာရီကြာ ဆေးရုံတွင် စောင့်ကြည့်ခံရပါဦးမယ်။
ဂန္ထဝင်ဘယ်နောက်ခံလူကားလို့စ်ဟာ ရီးရဲလ်မက်ဒရစ်တွင် ၁၁ နှစ်ကြာ ကစားစဉ်အတွင်း ၅၂၇ ပွဲကစားခဲ့ကာ လာလီဂါဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၃ ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။
သူဟာ ဘရာဇီးကို ကမ္ဘာ့ဖလား ရရှိအောင် ကူညီပြီးနောက် ၂၀၁၂ ခုနှစ် Ballon d'Or ဆုပေးပွဲတွင် ဒုတိယချိတ်ခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ဖီနာဘာချီ၊ ကိုရင်သီယန်၊ အန်ဇီတို့တွင် ကစားခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူခဲ့ပါတယ်။ သူဟာ ၂၀၁၅ ခုနှစ်တွင် Delhi Dynamos အတွက် ခေတ္တကစားခဲ့ပါသေးတယ်။
သူဟာ တူရကီကလပ်များဖြစ်ကြတဲ့ Sivasspor နှင့် Akhisarspor တို့ကိုလည်း နည်းပြအဖြစ် ဦးဆောင်ဖူးပါတယ်။
သူဟာ နောက်ပိုင်းနှစ်များတွင် ပရဟိတရန်ပုံငွေပွဲများတွင် ပါဝင်ကစားခဲ့ပါတယ်။