အမေရိကန်က ဗင်နီဇွဲလား၌ ပထမဆုံးကုန်းမြေတိုက်ခိုက်မှုအဖြစ် ဆိပ်ကမ်းကိုတိုက်ခိုက်ခဲ့သည်ဟု သမ္မတဒေါ်နယ်ထရန့် ပြောကြား

အမေရိကန်ပြည်ထောင်စုက ဗင်နီဇွဲလား မူးယစ်ဆေးဝါးမှောင်ခိုကူးသည်ဆိုသော ရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းအား တိုက်ခိုက်ဖျက်ဆီးခဲ့သည်ဟု သမ္မတဒေါ်နယ်ထရန့်က ဒီဇင်ဘာ ၂၉ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
အမေရိကန်က လက်တင်အမေရိကမှ မူးယစ်မှောင်ခိုကူးမှုများကို နှိမ်နင်းသည့် စစ်ဆင်ရေးအတွင်း ပထမဆုံး ကုန်းမြေကို တိုက်ခိုက်မှုဖြစ်သည်ဟု သိရသည်။
ဗင်နီဇွဲလား၏လက်ဝဲသမ္မတနီကိုလပ်စ် မာဒူရိုကို အမေရိကန်က ဖိအားပေးမှုများ ပိုမိုလုပ်ဆောင်လာချိန် ဆိပ်ကမ်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အမေရိကန်ခေါင်းဆောင်က အတည်ပြုပြောကြားလိုက်ခြင်းဖြစ် သည်။ ဗင်နီဇွဲလားသမ္မတကမူ ထရန့်သည် ဗင်နီဇွဲလားတွင် အစိုးရအပြောင်းအလဲဖြစ် အောင် ကြိုးပမ်းနေသည်ဟု စွပ်စွဲထားသည်။
“မူးယစ်ဆေးဝါးတွေကို ရေယာဉ်တွေ ပေါ်တင်တဲ့နေရာဖြစ်တဲ့ ဆိပ်ကမ်းဧရိယာမှာ ကြီးမားတဲ့ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်” ဟု ထရန့်က ဖလော်ရီဒါတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ ထရန့်သည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကို ဖလော်ရီဒါရှိ မာရာလာဂို စံအိမ်တွင် လက်ခံတွေ့ဆုံရာ၌ အထက်ပါ တိုက်ခိုက်မှုကို သတင်းထောက်များအား အတည်ပြုပြောကြား ခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့က ရေယာဉ်အားလုံးကို တိုက်ခိုက်ခဲ့ပါတယ်။ အကောင်အထည်ဖော်တဲ့နေရာဖြစ်တဲ့ ဆိပ်ကမ်း ဧရိယာကို အခုတိုက်ခိုက်ခဲ့ပါတယ်။ သူတို့က အဲဒီနေရာမှာ မူးယစ်ဆေးဝါးတွေကို တင်တာဖြစ်ပါတယ်။ အခုတော့ မရှိတော့ပါဘူး”ဟု ထရန့်က သတင်းထောက်များကို ပြောခဲ့သည်။
တိုက်ခိုက်သည့်နေရာသည် စစ်တပ်က စစ်ဆင်ရေးလုပ်နေသည့် နေရာလော၊ စီအိုင်အေ စစ်ဆင်ရေးလုပ်နေသည့်နေရာလောဆိုသည်ကို ထရန့်က ပြောကြားခြင်းမရှိသော်လည်း ကမ်းရိုးတန်းတစ်လျှောက်တွင်လုပ်ဆောင်သော တိုက်ခိုက်မှုဖြစ်သည်ဟုသာ ပြောကြားခဲ့သည်။