ကလပ်သစ်သို့ ပြောင်းကာ အသက်အကြီးဆုံးပရော်ဖက်ရှင်နယ်ကစားသမားစံချိန်အား ဆက်လက် ရေးထိုးလာဦးမယ့် အသက် ၅၈ နှစ်ရှိ ဂျပန်တိုက်စစ်မှူးကြီး
======================

ဖေဖော်ဝါရီလတွင် အသက် ၅၉ နှစ်ပြည့်မယ့် ကမ္ဘာ့အသက်အကြီးဆုံးပရော်ဖရှင်နယ်ကစားသမား ကာဇူယိုရှီမူရာဟာ ဂျပန်တတိယတန်းကလပ် Fukushima United သို့ ဇွန်လအထိ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့လာပါတယ်။
ယခုအပြောင်းအရွှေ့ကြောင့် မူရာအနေဖြင့် ငါးနှစ်အတွင်းတွင် ပထမဆုံးအကြိမ်အဖြစ် ဂျပန်ထိပ်သီးလိဂ်ကြီး၃ ခုစာရင်းဝင် ဂျေလိဂ်တွင် ကစားလာနိုင်တော့မှာလည်း ဖြစ်ပါတယ်။
ဂျပန်တိုက်စစ်မှူးဟောင်းဟာ ၁၉၈၆ ခုနှစ်တွင် ဘရာဇီးကလပ်ဆန်းတို့စ်တွင် ကစားသမားဘဝ စတင်ခဲသူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက စတုတ္ထတန်းကလပ် Atletico Suzuka သို့ အငှားဖြင့် သွားကစားစဉ် ၇ ပွဲတွင် ၆၉ မိနစ်တည်းသာ ကစားခွင့်ရခဲ့ပါတယ်။
ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ၄၁ ရာသီမြောက်အား ကစားလာမယ့် ၎င်းက "ဘောလုံးအပေါ် စွဲလန်းစိတ်က မပြောင်းသေးဘူး။ အသက်ဘယ်လောက်ကြီးလာတယ်ဆိုတာ အရေးမကြီးပါဘူး။ ဒီအခွင့်အရေးရလာလို့ အရမ်းဝမ်းသာတယ်။ အတတ်နိုင်ဆုံး လုပ်ဆောင်ပေးမယ်လို့ ကတိပြုပါတယ်။ အတူတကွ သမိုင်းရေးကြစို့"လို့ ဆိုသွားပါတယ်။
ဂျပန်တွင် King Kazu သို့ လူသိများတဲ့ မူရာဟာ ၂၀၂၂ ခုနှစ်နောက်ပိုင်းတွင် ဂျေ၂ လိဂ်ကလပ် ယိုကိုဟားမားအက်ဖ်စီမှ စတုတ္ထအကြိမ်မြောက် အငှားဖြင့် ထွက်ခွာလာမှာလည်း ဖြစ်ပါတယ်။
မူရာဟာ အီတလီ၊ ခရိုအေးရှား၊ ဩစတြေးလျတို့တွင်လည်း ကျင်လည်ခဲ့ဖူးသူ ဖြစ်ပြီး ၂၀၀၅ ခုနှစ်တွင် ယိုကိုဟားမားအက်ဖ်စီသို့ ပြောင်းပြီးနောက် ၂၀၂၀ ခုနှစ်ကတည်းက ကစားခွင့်မရလာခဲ့ပါဘူး။
သူဟာ ဂျပန်အသင်းအတွက် ၈၉ ပွဲကစားခဲ့ရာမှာ ၅၅ ဂိုးသွင်းယူပေးခဲ့ကာ ၂၀၀၀ ခုနှစ်တွင် အနားယူခဲ့ပါတယ်။
သူဟာ ယခင်တုန်းက အသက် ၆၀ နှစ်အရွယ်အထိ ဘောလုံးကစားမယ်လို့ ပြောဆိုခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
Fukushima ဟာ ပြီးခဲ့တဲ့ရာသီတုန်းက အသင်း ၂၀ ပါ ဂျေလိဂ် ၃ တွင် အဆင့် ၁၀ နေရာမှာ ရပ်တည်ခဲ့တဲ့အသင်းလည်း ဖြစ်ပါတယ်။