ဒဏ်ရာရနေချိန်မှာတောင် လေ့ကျင့်ရေးကွင်းသို့ မပျက်မကွက်လာရောက်နေမှုကြောင့် အမိုရမ်ရဲ့ နေရာကို ရယူလိုနေတယ်လို့ ယူဆခံနေရတဲ့ ဘရူနိုဖာနန်ဒက်စ်
====================

ဘရူနိုဖာနန်ဒက်စ်ဟာ ဒဏ်ရာကြောင့် အနားယူနေရပေမယ့်လည်း လေ့ကျင့်ခန်းဆင်းနိုင်ပြီလားလို့ ယူနိုက်တက်နည်းပြရူဘင်အမိုရမ်အား မေးမြန်းထားပြီး ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းခေါင်းဆောင်ဟာ ဒီဇင်ဘာလ ၂၁ ရက်နေ့တုန်းက ဗီလာအား ၂-၁ ဖြင့် အရေးနိမ့်တဲ့ပွဲစဉ်တွင် တံကောက်ကြောဒဏ်ရာရရှိကာ တစ်လခန့်အနားယူရမယ့်သူလည်း ဖြစ်ပါတယ်။
အသက် ၃၁ နှစ်ရှိ ပေါ်တူဂီလက်ရွေးစင်ဟာ နယူးကာဆယ်အား ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲကို လွဲချော်ကာ ယူနိုက်တက်ကစားသမားဘဝအတွင်း တတိယမြောက်ပွဲ လွဲချော်လာပါတယ်။
ဖာနန်ဒက်စ်ဟာ ဒဏ်ရာကြောင့် အနားယူနေရပေမယ့်လည်း ယူနိုက်တက်ရဲ့ လေ့ကျင့်ရေးကွင်းကို မပျက်မကွက်လာရောက်နေမှုနှင့်အတူ ရူဘင်အမိုရမ်က သူ့ရာထူးကို ရယူလိုနေပြီလားလို့ ဟာသနှောမေးခွန်းထုတ်ရတဲ့အထိ ဖြစ်နေပါတယ်။
အမိုရမ်က "ဘရူနိုက လေ့ကျင့်ခန်းဆင်းဖို့ လိုနေပြီလို့တောင် ပြောထားပြီးပြီ။ ဒါပေမယ့် ကျွန်တော်တို့ မသိပါဘူး။ ဝုဗ်နဲ့ပွဲမှာ သူ ပါဝင်ကစားဖို့ အခွင့်အရေး လုံးဝ မရှိပါဘူး။ ဒီအကြောင်း ခင်ဗျား(ဂျာနယ်လစ်)ရေးလို့ ရတယ်။ မကစားနိုင်တဲ့သူကို ကစားခိုင်းလို့ မရပါဘူး။ သူ ပြောနေတာ မဟုတ်ဘူး။ တောင်းဆိုနေတာမဟုတ်ဘူး။ ပြောထားပြီးသား ဖြစ်နေတာပါ။ ဒါကြောင့်လည်း အသင်းခေါင်းဆောင် ဖြစ်နေတာပေါ့။ တခါတလေ ဆိုးရွားတာတွေ ရှိတယ်။ လက်တွေ မြှောက်နေမယ်။ ဒါပေမယ့် ကောင်းတာတွေ အများကြီးပါ။ သူက ပွဲကို အမြဲချန်ထားခဲ့တယ်။ ပြန်လည်ထူထောင်ရေးလုပ်ပြီးတိုင်း လေ့ကျင့်တယ်။ အခြားသူလေ့ကျင့်နေတာကို လာကြည့်နေတဲ့သူပါ။ ခင်ဗျားတို့ မမြင်ရတာတွေ အများကြီး သူလုပ်တယ်။ သူက သမိုင်းတစ်လျှောက် ကြီးကျယ်တဲ့ခေါင်းဆောင်တစ်ဦးပါ။ သူက ကုသခံပြီးရင် လေ့ကျင့်တာကို ကြည့်တယ်။ အဲဒီမှာ သူ ရှိနေတယ်။ ကျွန်တော့်ရာထူးကို လိုချင်နေသလား မလိုချင်ဘူးလား မသိပါဘူး။ ဒီလူက ခေါင်းဆောင်တစ်ဦးပါ"လို့ ပြောကြားသွားပါတယ်။
ကိုဘီမိုင်နူးမှာ ခြေသလုံးဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာပြီးနောက် လေ့ကျင့်ခန်းဆင်းနိုင်ပြီ ဖြစ်ပေမယ့်လည်း မားသီးယပ်စ်ဒီလက်နှင့် ဟယ်ရီမက်ဂွိုင်းယားတို့ကတော့ အနားယူနေရတုန်းပါ။