1 ရက် - ဘာသာပြန်ပါ။

နိုင်ဂျီးရီးယားရှုံးပွဲတွင် ဂိုးသမား ၃ ဦးအထိ အသုံးပြုပြီး အာဖရိကဖလားပြိုင်ပွဲကို လက်ပြနှုတ်ဆက်လာတဲ့ ယုဂန္ဒာ
=====================

ယုဂန္ဒာဟာ နိုင်ဂျီးရီးယားကို ၃-၁ ဖြင့် ရှုံးနိမ့်တဲ့ပွဲတွင် တစ်ပွဲတည်း ဂိုးသမား ၃ ဦးအထိ အသုံးပြုခဲ့ပါတယ်။
ယုဂန္ဒာဟာ အုပ်စု(ဂ)နောက်ဆုံးပွဲတွင် အရေးနိမ့်ပြီးနောက် နိုင်ပွဲမရဘဲ အုပ်စုအဆင့်မှပင် အိမ်လှည့်ပြန်လိုက်ရပြီလည်း ဖြစ်ပါတယ်။
နိုင်ဂျီးရီးယားဟာ ပေါလ်အိုနူအာချုရဲ့ အဖွင့်ဂိုး၊ ရာဖေးလ်အွန်ယီဒီကာရဲ့ ၂ ဂိုးဖြင့် ပွဲကို ဂိုးပြတ်အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။
ယုဂန္ဒာဟာ ပထမပိုင်း ဂိုးမရှိသရေကျနေချိန်တွင် ထောင့်ကန်ဘောအား တားဆီးရန် ကြိုးပမ်းစဉ် ပွဲထက်ဂိုးသမားဒင်းနစ်အွန်ယန်ဂို ဒဏ်ရာရသွားမှုနှင့် ကြုံခဲ့ပါတယ်။
အသက် ၄၀ နှစ်ရှိ ဂိုးသမားဟာ ပွဲချိန် ၂၈ မိနစ်မှာတော့ အိုနူအာချူရဲ့ အဖွင့်ဂိုးကို ခွင့်ပြုခဲ့ရပါတယ်။ အိုနူအာချူဟာ ၄ နှစ်အတွင်း ပထမဆုံးနိုင်ငံတကာဂိုးသွင်းလာနိုင်တာလည်း ဖြစ်ပါတယ်။
အွန်ယန်ဂိုဟာ ပထမပိုင်းမပြီးခင် ဆေးကုသမှု နောက်ထပ်တစ်ကြိမ် ခံယူခဲ့ရပြီးနောက်မှာတော့ ဒုတိယပိုင်းတွင် ဆာလမ်မာဂိုးလာနှင့် လူစားလဲခဲ့ရပါတယ်။
မာဂိုးလာမှာ ကွင်းအတွင်း ၁၁ မိနစ်တည်းသာ ကစားခဲ့ရပြီး ပင်နယ်တီဧရိယာအပြင်သို့ ထွက်ကာ ဗစ်တာအိုဆီမမ်ရဲ့ ကန်ချက်ကို လက်ဖြင့် တားဆီးမှုကြောင့် တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။
ဒါကြောင့် ယုန္ဒဟာ တတိယဦးစားပေးဂိုးသမားနာဖီယန်အယ်လီယွန်ဇီကို ထည့်သွင်းခဲ့ရပါတယ်။
၎င်းမှာ ကွင်းအတွင်း ၃ မိနစ်တည်းသာ ကစားပြီးချိန်မှာ ကလပ်ဘရုဂျက်စတားအွန်ယီဒီကာရဲ့ ဂိုးအား ပေးခဲ့ရပါတယ်။ ယင်းနောက် နောက်ထပ် ၅ မိနစ်အကြာမှာ နိုင်ဂျီးရီးယားရဲ့ တတိယဂိုးကို ထပ်ပေးခဲ့ရပါတယ်။
နိုင်ဂျီးရီးယားဟာ အုပ်စု(ဂ) ၃ ပွဲလုံး အနိုင်ရရှိကာ ၁၆ သင်းရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပါတယ်။