ကမ္ဘောဒီးယားနှင့် ဆက်ဆံရေး တစ်ဆင့်ချင်းသာ သွားမည်ဟု ထိုင်းပြော
ကမ္ဘောဒီးယားနှင့်အပြန်အလှန်ဆက်ဆံရေးအား တစ်ဆင့်ချင်းသာ ပြင်ဆင် တည့်မတ်သွားရေးကို ယူနန် ပြည်နယ် တွင် ကျင်းပသော သုံးပွင့်ဆိုင်အစည်းအဝေး၌ ထိုင်းနိုင်ငံက တရုတ်အား အလေးအနက် ပြောကြားခဲ့သည်။
သုံးပွင့်ဆိုင်အစည်းအဝေးကို တရုတ်က ကူမင်းမြို့၌ ယမန် နေ့တွင် လက်ခံကျင်းပခဲ့ကာ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနှင့်အတူ ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟာဆက် နှင့် ကမ္ဘောဒီးယားဝန်ကြီး ပရက်ဆိုခွန်တို့ တက်ရောက်ခဲ့ကြသည်။
အိမ်နီးချင်းနှစ်နိုင်ငံကြား စစ်ရေးလှုပ်ရှားမှုများ အားလုံး ရပ်တန့်သွားရန် ထိုင်းနိုင်ငံ ချန်ဌာဘူရီပြည်နယ်တွင် နှစ်ဖက် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးခဲ့ကြပြီးနောက် နှစ်ရက် အကြာတွင် ယူနန်ပြည်နယ်၌ အစည်းအဝေးကျင်းပကြခြင်းဖြစ်သည်။
၇၂ နာရီ စောင့်ကြည့် လေ့လာသွားမည်ဆိုသော သတ်မှတ်ချက်ဖြင့် လက်မှတ်ထိုးခဲ့သော အပစ်အခတ်ရပ်စဲမှုသည် တနင်္ဂနွေနေ့ နေ့လယ်က စတင်အသက်ဝင်ခဲ့သည်။
မေလက စတင်ခဲ့သော တိုက်ခိုက်မှုများကြောင့် နှစ်ဖက်စလုံးက သံအမတ်ကြီးများ ပြန်လည်ခေါ်ယူခဲ့ကြပြီး ၎င်းတို့ ကြား ဆက်ဆံရေးလည်း အနိမ့်ဆုံးအမှတ်သို့ ကျဆင်းသွားခဲ့ရသည်။
အိမ်နီးချင်း နှစ်နိုင်ငံကြား တင်းမာမှုများ လျော့ပါးရေးကူညီရာတွင် ဆက်လက်ပါဝင်နေခြင်းနှင့် နားလည်မှုအတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်း ထိုင်းနှင့် ကမ္ဘော ဒီးယားတို့က တန်ဖိုးထားမှု ပြသခဲ့ကြသည်ဟု ထိုင်းနိုင်ငံခြား ရေးဝန်ကြီးဌာန လူမှုကွန်ရက်တွင် ဖော်ပြသည်။
တရုတ်နိုင်ငံဘက်ကလည်း ဝင်ရောက်မစွက်ဖက်ရေးမူအပေါ် ၎င်းတို့၏ လေးစားလိုက်နာမှုကို ထပ်မံ အတည်ပြု ပြောကြားခဲ့ကာ ထိုင်းနှင့် ကမ္ဘောဒီးယားကြား တာရှည်ခံသောငြိမ်းချမ်းရေးအတွက် အထောက်အကူပြုယာဉ် အ ဖြစ် ထမ်းဆောင်ရန် စိတ်အားထက်သန်မှုကို ဖော်ပြခဲ့ကြောင်း သတင်းက ဆိုသည်။
လတ်တလော ယုံကြည်မှုတည်ဆောက်ရေးအတိုင်းအတာများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အပစ်ရပ်စဲမှု ၇၂ နာရီ ပြည့်ချိန်တွင် ကမ္ဘောဒီးယားစစ်သား ၁၈ ဦးကို လွှတ်ပေးရန် စဉ်းစားသွားမည်ဟု ထိုင်းက ပြောကြားပြီး နယ်စပ် တစ် လျှောက်မှ ထိုင်းနိုင်ငံသားများကို ပြန်ခွင့်ပေးရန်လည်း ကမ္ဘောဒီးယားကို တောင်းဆိုခဲ့သည်။
အခြေအနေတည်ငြိမ်ရေး အခြားအစီအစဉ်များ ထပ်မံလုပ်ဆောင်နိုင်ရန် ဆွေးနွေးမှုများ ထပ်လုပ်ရန်လိုအပ် ကြောင်းကို နှစ်နိုင်ငံစလုံးက သဘောတူခဲ့ကြသည်။
ထိုအစီအစဉ်များတွင် ရန်လိုမှုများလျှော့ချရေး၊ မိုင်းများရှင်းလင်း ဖယ်ရှားရေး၊ လက်နက်ကြီးများ ဖယ်ရှားရေး နှင့် နယ်စပ်ဖြတ်ကျော် ကျားဖြန့်လုပ်ငန်းများအား နှိမ်နင်းရန် ပူးပေါင်းဆောင်ရွက်မှုများလည်း လုပ်ဆောင်ရမည်ဟု လည်း ၎င်းတို့က သဘောတူခဲ့ကြသည်။