အမြန်လမ်းပေါ် ပီဒီအက်ဖ်အဖွဲ့နဲ့တွေ့ချိန် "အမြန်ဆော်ဗျာ" ပြောသူ ဖမ်းဆီးခံရ
ပီဒီအက်ဖ်အဖွဲ့တွေ အမြန်လမ်း မိုင်တိုင် ၃၃၂ ပေါ်တက်စဉ်မှာ “အမြန်ဆော်ဗျာ” လို့ အဲဒီအဖွဲ့တွေကို ပြောဆိုခဲ့တဲ့သူကို ဖမ်းဆီး စစ်ဆေးနေတယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဖမ်းဆီးခံရသူဟာ ကိုဘိုဘိုသိန်း အသက် (၄၉) နှစ်၊ အိမ်ခန်းအလှဆင်လုပ်ငန်း လုပ်ကိုင်သူဖြစ်တယ်လို့ သိရပြီး မနေ့ ဒီဇင်ဘာ ၂၉ ရက်၊ ည ၁၁ နာရီဝန်းကျင်က ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ ၎င်းရဲ့ နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာလို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“ဖမ်းမိတဲ့သတင်းက မှန်ပါတယ်။ အမြန်လမ်းမှာ အဲဒီအချိန် သူစီးခဲ့တဲ့ EV ကားကိုရော၊ လူကိုရော ထိန်းသိမ်းထားပါတယ်။ ဆက်စပ်သတင်းတွေ ကျန်နေသေးလို့ ကျန်တာပြောမရလို့ပါ။ ဖမ်းမိပြီးပါပြီ” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့၊ မနက် ၁၀ နာရီဝန်းကျင်က ရန်ကုန် - မန္တလေး အမြန်လမ်း၊ ကျောက်ဆည်လမ်းခွဲနဲ့ ပြင်စည်လမ်းခွဲကြားရှိ မိုင်တိုင် ၃၃၂ အနီးဝန်းကျင်မှာ PDF အဖွဲ့တွေ လမ်းမပေါ်တက်လာချိန် ကိုဘိုဘိုသိန်းက အဲဒီအဖွဲ့တွေကို ကားပေါ်ကနေ စကားပြောဆိုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလို PDF အဖွဲ့တွေ အမြန်လမ်းပေါ် ရောက်လာပြီးတဲ့နောက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ၁၅ မိနစ်ဝန်းကျင်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့အတွက် အမြန်လမ်းပေါ် ကားတွေသွားလာခွင့် ရပ်တန့်ခဲ့ရတယ်လို့လည်း သိရပါတယ်။
PDF အင်အား ၃၀ လောက်ဟာ အမြန်လမ်းမပေါ်ကို တက်လာပြီးနောက် ရဲကင်းကို ပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဘက်က ထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်။