သမ္မတပူတင် နေအိမ်ကို ယူကရိန်းက ဒရုန်းအစင်း ၉၀ ကျော်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ရုရှားစွပ်စွဲ
ရုရှားသမ္မတ ပူတင်ရဲ့ နေအိမ်ကို ယူကရိန်းက ဒရုန်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပျက်ပြားစေရန် ကြိုးစားနေတယ်လို့ ရုရှားက စွပ်စွဲလိုက်ပါတယ်။
ရုရှားနိုင်ငံ အနောက်မြောက်ပိုင်း နော့ဗ်ဂိုရောဒ် ဒေသရှိ ပူတင်ရဲ့ နိုင်ငံတော်နေအိမ်ကို ဒရုန်း ၉၁ စင်းနဲ့ ညပိုင်းမှာ တိုက်ခိုက်မှုပြုလုပ်ခဲ့တာလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလပ်ရော့ဗ်က စွပ်စွဲပါတယ် ။ ဒါပေမယ့် ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုပါတယ်။
တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု သို့မဟုတ် ပျက်စီးဆုံးရှုံးမှု မရှိဘူးလို့ ပြောပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ရုရှားဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် ရပ်တည်ချက်ကို ပြန်လည်သုံးသပ်မယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။
ဒါပေမယ့် ရုရှားဟာ အမေရိကန်နဲ့ ညှိနှိုင်းရေးလုပ်ငန်းစဉ်ကနေ ထွက်ခွာဖို့တော့ ရည်ရွယ်ထားတာမရှိကြောင်း သူက ပြောပါတယ်။ တိုက်ခိုက်မှုဖြစ်ပွားချိန်မှာ ပူတင် ဘယ်နေရာရောက်နေတယ်ဆိုတာ ရှင်းလင်းစွာ မသိရပါဘူး။
ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ စွပ်စွဲချက်တွေဟာ ရုရှားရဲ့ ပုံမှန်လိမ်ညာမှုတွေအဖြစ် ပယ်ချခဲ့ပြီး ယူကရိန်းနိုင်ငံကို တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်ဖို့ အကြောင်းပြချက်တခု ဖြစ်စေတယ်လို့ ဆိုပါတယ်ေ ကိယက်ဗ်မြို့ရှိ ယူကရိန်း အစိုးရအဆောက်အအုံတွေကို ယခင်က ပစ်မှတ်ထားခဲ့ကြောင်း ဇီလန်စကီးက ပြောပါတယ်။
ရုရှားရဲ့ စွပ်စွဲချက်တွေဟာ အမေရိကန်နဲ့ ယူကရိန်းအကြား ဒီဇင်ဘာ ၂၈ ရက်က ဖလော်ရီဒါ ဆွေးနွေးပွဲတွေအပြီး ထွက်ပေါ်လာတာဖြစ်ပြီး သမ္မတထရန့်နဲ့ ဇယ်လန်စကီးတို့ဟာ စစ်ပွဲကို အဆုံးသတ်ဖို့ ပြန်လည်ပြင်ဆင်ထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို ဆွေးနွေးခဲ့ကြပါတယ်။
၂၀၂၆ ခုနှစ်မှာ ဒီစစ်ပွဲကို အဆုံးသတ်ဖို့ ဖြစ်နိုင်ခြေ ရှိကြောင်း ဇီလန်စကီးက ပြောပါတယ်။ ဒါအပြင် အမေရိကန်ရဲ့ ထောက်ခံမှုမရှိဘဲ ယူကရိန်းဟာ စစ်ပွဲကို အနိုင်တိုက်နိုင်မှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။