နိုင်ဂျီးရီးယားယာဉ်မတော်တဆမှုကြောင့် ဗြိတိန်ဟဲဗီးဝိတ်လက်ဝှေ့သမားအန်တိုနီဂျိုရှာ ဒဏ်ရာရရှိခဲ့ပြီး အဖွဲ့ဝင် ၂ ဦး သေဆုံး
=======================
ဗြိတိန်ဟဲဗီးဝိတ်လက်ဝှေ့သမားအန်တိုနီဂျိုရှာဟာ နိုင်ဂျီးရီးယားတွင် ဖြစ်ပျက်တဲ့ ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရရှိခဲ့ပြီး အဖွဲ့ဝင် ၂ ဦး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။
ကမ္ဘာ့ချန်ပီယံဟောင်းစီးနင်းလာတဲ့ကားဟာ လာဂို့စ်အနီး အိုဂတ်ပြည်နယ်ရှိ အဝေးပြေးလမ်းတွင် ထရပ်ကားတစ်စီးနှင့် တိုက်မိခဲ့တာလည်း ဖြစ်ပါတယ်။
ယင်းယာဉ်မတော်တဆမှုကြောင့် ဂျိုရှာရဲ့အခင်ဆုံးသူငယ်ချင်းများဖြစ်တဲ့အပြင် အဖွဲ့ဝင်များလည်း ဖြစ်ကြတဲ့ ဆီနာဂါမီနှင့် လာတစ်ဖ်လက်ဇ်အေယိုဒီလီတို့ ဆုံးပါးသွားခဲ့ကြပါတယ်။
လက်ရှိအချိန်တွင် ဂျိုရှာမှာ ဆေးရုံတွင် တည်ငြိမ်တဲ့အနေအထားတွင် ရှိနေပြီး နောက်ထပ် စစ်ဆေးမှုများ ပြုလုပ်ရပါဦးမယ်။
ယင်းယာဉ်မတော်တဆဖြစ်မှုမတိုင်မီ နာရီအနည်းငယ်အလိုတွင် ဂျိုရှာဟာ အင်စတာဂရမ်တွင် အေယိုဒီလီနှင့် စားပွဲတင်တင်းနစ်ကစားတဲ့ ဗီဒီယိုဖိုင်အား တင်ခဲ့ပါသေးတယ်။
အိုဂန်နှင့် လာဂို့စ်ပြည်နယ်အစိုးရက ဂျိုရှာမှာ ကံကောင်းထောက်မ၍ အသက်မဆုံးရှုံးခဲ့ရခြင်း ဖြစ်ကြောင်းနှင့် ယာဉ်မတော်တဆမှုအား စုံစမ်းစစ်ဆေးနေကြောင်း ကြေညာထားပါတယ်။
တဖက်တွင် နိုင်ဂျီးရီးယားသမ္မတဘိုလာအာမက်တီနူဘူကလည်း အသက် ၃၆ နှစ်ရှိ ဂျိုရှာအား ကိုယ်တိုင်တိုက်ရိုက်ဆက်သွယ်ကာ အမြန်ဆုံးပြန်လည်သက်သာကောင်းမွန်လာရေး ဆုမွန်ကောင်းတောင်းပေးထားပါတယ်။
ယင်းမတော်တဆမှုမှာ တနင်္လာနေ့တုန်းက ဒေသတွင်းစံတော်ချိန် နေ့လည် ၁၂ နာရီဝန်းကျင် ယာဉ်အသွားအလာ ရှုပ်ထွေးချိန်တဲ့ Lagos-Ibadan လမ်းပေါ်တွင် ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။
ယာဉ်မတော်တဆမှုတွင် Lexus အနက်ရောင်နှင့် အနီရောင်ထရပ်ကားတို့ ပါဝင်ခဲ့ပါတယ်။ နိုင်ဂျီးရီးယားရဲ့ Federal Road Safety Corps (FRSC) က Lexus ကားက သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်ခဲ့တယ်လို့ သံသယဝင်ရကြောင်း ဆိုထားပါတယ်။
ဒေသခံများရဲအ့ဆိုအရ ဂျိုရှာနှင့် ယာဉ်မောင်းတို့အား လက်ဝှေ့ချန်ပီယံဟောင်းရဲ့ လုံခြုံရေးအဖွဲ့က ကယ်ထုတ်ခဲ့ကြောင်း ဆိုထားပါတယ်။
Lagos-Ibadan လမ်းမှာ နိုင်ဂျီးရီးယားတွင် လူသေမှုအများဆုံးဖြစ်ပျက်တဲ့ လမ်းများထဲမှ တစ်ခု ဖြစ်ပြီး ယာဉ်မတော်တဆမှု မကြာခဏ ဖြစ်ပွားရာလမ်းလည်း ဖြစ်ပါတယ်။
ဂျိုရှာမှာ ဝက်ဖို့ဒ်ဖွားတစ်ဦးဖြစ်ပေမယ့်လည်း မိသားစုဝင်များမှာ အိုဂန်ပြည်နယ် ဆာဂါမန်းဒေသနွယ်ဖွားများ ဖြစ်ကြပါတယ်။