ထိုင်ဝမ်အနီးမှာ အကြီးစားစစ်ရေးလေ့ကျင့်ဖို့ ကြည်း၊ ရေ၊ လေ တပ်တွေနဲ့ ဒုံးကျည်တပ်ဖွဲ့တွေကို တရုတ်စစ်တပ် ဖြန့်ကြက်

တရုတ်စစ်တပ်ဟာ တိုက်ခိုက်ရေး အဆင်သင့်ဖြစ်မှုကို စမ်းသပ်ဖို့နဲ့ ထိုင်ဝမ်လွတ်လပ်ရေးကို ဦးတည်တဲ့ လှုပ်ရှားမှုတွေကို ပြင်းထန်တဲ့ သတိပေးချက်အဖြစ် “တရားမျှတမှုမစ်ရှင် ၂၀၂၅" စစ်ရေးလေ့ကျင့်မှုအတွက် ကြည်းတပ်၊ ရေတပ်၊ လေတပ်နဲ့ ဒုံးကျည်တပ်ဖွဲ့တွေကို ထိုင်ဝမ်အနီး ဖြန့်ကြက်လိုက်ပါတယ်။
မနက်ဖြန် အင်္ဂါနေ့မှာ ပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှုမှာ ကျည်အစစ်နဲ့ ပစ်ခတ်လေ့ကျင့်တာတွေ ပါဝင်မှာဖြစ်ပြီး ကျွန်းကိုဝန်းရံထားတဲ့ ဇုန်ငါးခုကို နံနက် ၈:၃၀ မှစတင်ပြီ ၁၀ နာရီအထိ ပင်လယ်နဲ့ လေပိုင်နက်ကန့်သတ်ချက်တွေ ချမှတ်မယ်လို့ တရုတ် အရှေ့ပိုင်းစစ်ဌာနချုပ်က ထုတ်ပြန်ထားပါတယ်။
ဒါဟာ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီ ထိုင်ဝမ်ကိုလာရောက်စဉ် ၂၀၂၂ ခုနှစ်မှစပြီး ထိုင်ဝမ်ကျွန်းအနီးမှာ တရုတ်စစ်တပ်ရဲ့ အကြီးစားစစ်ရေးလေ့ကျင့်မှု ခြောက်ကြိမ်မြောက်လည်း ဖြစ်ပါတယ်။ ထိုင်ဝမ်ကို တရုတ်က တိုက်ခိုက်လာရင် စစ်ရေးအရ ဝင်စွက်ဖက်နိုင်တယ်လို့ ဂျပန်ဝန်ကြီးချုပ် တာကာအိချိက ပြောဆိုပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာနေချိန်မှာ လက်ရှိစစ်ရေးလေ့ကျင့်မယ့် အစီအစဉ် ထွက်ပေါ်လာတာပါ။
"ဒီလေ့ကျင့်မှုတွေဟာ ထိုင်ဝမ်လွတ်လပ်ရေး အင်အားစုတွေနဲ့ ပြင်ပဝင်ရောက်စွက်ဖက်မှုတွေအတွက် ပြင်းထန်တဲ့သတိပေးချက်တခုပါပဲ" လို့ တရုတ်နိုင်ငံရဲ့ အရှေ့ပိုင်းစစ်ဌာနချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Shi Yi က ကြေညာချက်မှာ ပြောပါတယ်။
လေ့ကျင့်မှုဟာ ရေကြောင်းနဲ့ လေကြောင်းတိုက်ခိုက်ရေး အသင့်ဖြစ်မှု ကင်းလှည့်မှုတွေ၊ ပေါင်းစပ်ထိန်းချုပ်မှုရရှိရေး၊ အဓိကဆိပ်ကမ်းတွေနဲ့ ဧရိယာတွေကို ပိတ်ဆို့ရေးနဲ့ ဘက်စုံတားဆီးရေးတွေ လုပ်ဆောင်ရေးတို့အတွက် လေ့ကျင့်ရေးတွေကို အဓိကထားမယ်လို့ ဆိုပါတယ်။
ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်မပေးသေးပါဘူး။ တရုတ်စစ်တပ်ဟာ ပြီးခဲ့တဲ့နှစ်က စစ်ရေးလေ့ကျင့်မှုတွေအတွင်း ထိုင်ဝမ်တဝိုက်မှာ ရေကြောင်းပိတ်ဆို့မှုတွေကို လေ့ကျင့်ခဲ့ပေမယ့် ဒါဟာ ပြင်ပစစ်ရေးဝင်ရောက်စွက်ဖက်မှုကို တားဆီးရေး ရည်ရွယ်တယ်လို့ လူသိရှင်ကြား ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုက ထိုင်ဝမ်အတွက် ဒေါ်လာ ၁၁ ဒဿမ ၁ ဘီလီယံတန်ဖိုးရှိ လက်နက်ရောင်းချမယ်လို့ ကြေညာပြီး ၁၁ ရက်အကြာမှာ စစ်ရေးလေ့ကျင့်မယ့် အစီအစဉ်ထွက်ပေါ်လာတာဖြစ်ပြီး ။ အမေရိကန်ပြည်ထောင်စုရဲ့ ရောင်းချမှုဟာ ထိုင်ဝမ်ကျွန်းအတွက် အကြီးမားဆုံး လက်နက်ရောင်းချမှုဖြစ်ပြီး တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ကန့်ကွက်ခဲ့ကာ ပြင်းထန်တဲ့ အစီအမံတွေ ချမှတ်မယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

image