အင်ဒိုနီးရှားမှာ သက်ကြီးဂေဟာ မီးလောင်လို့ ၁၆ ယောက်သေဆုံး
အင်ဒိုနီးရှားမြောက်ပိုင်းရှိ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာတခုမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် လူ ၁၆ ယောက်သေဆုံးပြီး သုံးယောက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။
တနင်္ဂနွေနေ့ညနေပိုင်း ဒေသစံတော်ချိန် ည ၈ နာရီ မိနစ် ၃၀ မှာ မြောက်ဆူလာဝေစီပြည်နယ်ရဲ့ မြို့တော် မာနာဒိုမြို့ရှိ ဒါမိုင် သက်ကြီးရွယ်အိုဂေဟာမှာ မီးလောင်မှုဖြစ်ပွားခဲ့တာလို့ မီးသတ်ဌာနက ဆိုပါတယ်။
မီးသတ်နှင့် ကယ်ဆယ်ရေးအေဂျင်စီအကြီးအကဲ ဂျင်မီ ရိုတင်ဆူလူက AFP သတင်းဌာနသို့ ပြောကြားရာမှာ သေဆုံးသူများစွာကို သူတို့ရဲ့ အခန်းတွေအတွင်းမှာ တွေ့ရှိခဲ့ပြီး မီးလောင်ကျွမ်းချိန်မှာ အိပ်ပျော်နေကြတာဖြစ်နိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မီးလောင်မှုကို ည ၉ နာရီ မိနစ် ၃၀ မှာ ငြှိမ်းသတ်နိုင်ခဲ့ပြီး လောင်ကျွမ်းရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပါတယ်။ ရဲတွေကတော့ သေဆုံးသူတွေ ဘယ်သူတွေလဲဆိုတာကို ဖော်ထုတ်ဖို့ ကြိုးစားနေကြပြီး မိသားစုဝင်တွေအနေနဲ့ အလောင်းတွေထားတဲ့ ဆေးရုံကို ဆက်သွယ်ဖို့ တိုက်တွန်းထားပါတယ်။
အလောင်းအများစုက ပင်ကိုယ်ရုပ်ကို မှတ်မိနိုင်တဲ့အနေအထား မရှိတော့ဘူးလို့ ဒေသခံ အာဏာပိုင်တွေက ဆိုပါတယ်။ ဂေဟာမီးဖိုချောင်ကနေ မီးစလောင်ခဲ့ပြီး ပေါက်ကွဲသံလည်းကြားခဲ့ရက ငါးမိနစ်အတွင်းမှာ အဆောက်အအုံကို ကူးစက်လောင်ကျွမ်းခဲ့တယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။
အင်ဒိုနီးရှားမှာ လူသေဆုံးစေတဲံ့ မီးလောင်ကျွမ်းမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။ ယခုလအစောပိုင်းကလည်း မြို့တော်ဂျကာတာရှိ ခုနစ်ထပ်ရုံးအဆောက်အအုံတခုမှာ မီးလောင်လို့ လူ ၂၂ ယောက်သေဆုံးခဲ့ပါတယ်။