ဇန်နဝါရီလ ၁ ရက်နေ့တွင် အနာဂတ်အား ဆုံးဖြတ်စေလိုနေတဲ့ ဆီမန်ယို
=====================
အန်တိုနီဆီမန်ယိုဟာ ဇန်နဝါရီလ ၁ ရက်နေ့ နှစ်သစ်ကူးနေ့တွင် အနာဂတ်အား တိကျစွာ သိရှိလိုမှုနှင့်အတူ အရေးပါတဲ့ ၄၈ နာရီ ကြုံနေရပါတယ်။
မန်စီးတီးဟာ ပေါင် ၆၅ သန်းဖြင့် ထွက်ခွာနိုင်တဲ့အချက်ပါဝင်တဲ့ ဆီမန်ယိုအား ခေါ်ယူရေး ဆွေးနွေးနေပြီး တိုးတက်မှုများ ရှိနေပါတယ်။
မန်စီးတီးနှင့် ဘုန်းမောက်တို့ဟာ လာမယ့် နှစ်ရက်အတွင်းတွင် ဆီမန်ယိုအပြောင်းအရွှေ့နှင့်ပတ်သက်ပြီး ထပ်မံ ဆွေးနွေးမှုများ ပြုလုပ်လာပါဦးမယ်။
ဒါပေမယ် အရောင်းအဝယ်စာချုပ်မချုပ်ဆိုမီအထိ ဆီမန်ယိုရဲ့အနာဂတ်မှာ ဘာမဆို ဖြစ်လာနိုင်ပါသေးတယ်။
အထူးသဖြင့် အလက်ဇန္ဒားအီဆက်ခ် ဒဏ်ရာရရှိသွားမှုနှင့်အတူ လီဗာပူးကလည်း ဆီမန်ယိုအား ခေါ်ယူရေး စိတ်ဝင်စားနေပါတယ်။
လီဗာပူးအပြင် ဆီမန်ယိုအား ခေါ်ယူရန် ယူနိုက်တက်၊ ချဲလ်ဆီး၊ စပါးစ်တို့ကလည်း စိတ်ဝင်စားနေပါသေးတယ်။
ဒါပေမယ့် လတ်တလောတွင် ဆီမန်ယိုကိုယ်တိုင်ကလည်း အီတီဟတ်သို့ ပြောင်းရန် ဆန္ဒရှိနေမှုနှင့်အတူ မန်စီးတီးက ခေါ်ယူရေး အခြေအနေအကောင်းဆုံးဖြစ်နေတာကိုတော့ ငြင်းမရပါဘူး။
ဒါ့အပြင် မန်စီးတီးတစ်သင်းတည်းသာ ဆီမန်ယိုအပြောင်းအရွှေ့အတွက် ဘုန်းမောက်နှင့် တိုက်ရိုက်ထိတွေ့ ဆွေးနွေးမှု ပြုလုပ်နေတာ ဖြစ်ပါတယ်။
တဖက်တွင် ဆီမန်ယိုဟာ စာချုပ်ပါအချက်အရ ဇန်နဝါရီလ ၁၀ ရက် နောက်ဆုံးထားပြီး ပေါင် ၆၅ သန်းဖြင့် ပြောင်းရွှေ့နိုင်မည်ဖြစ်ရာ အနာဂတ်အား ဇန်နဝါရီလ ၁ ရက်နေ့တွင်ပင် ပြတ်သားစွာ သိရှိလိုနေပါတယ်။
ဆီမန်ယိုဟာ လာမယ့် ဇန်နဝါရီလ ၇ ရက်နေ့တွင် အသက် ၂၆ နှစ်ပြည့်မည်ဖြစ်ရာ ကစားသမားဘဝ အကောင်းဆုံးအချိန်သို့ တိုးဝင်လာမှာလည်း ဖြစ်ပါတယ်။
ယင်းသို့ အခြေအနေကြောင့် ဆီမန်ယိုဟာ သူ့အရည်အချင်းကို အပြည့်အဝ ပြသခွင့် ရနိုင်မယ့် ရေရှည်စီမံကိန်းရှိ ထိပ်သီးကလပ်တစ်ခုသို့ ပြောင်းလိုနေပါတယ်။