4 ရက် - ဘာသာပြန်ပါ။

ဂိုးတစ်ထောင်ရည်မှန်းချက်အတွက် ဥရောပသို့ ပြန်လည်ခြေချလာနိုင်ကြောင်း အရိပ်အမြွက်ဆိုလာတဲ့ ခရစ္စတီယာနိုရော်နယ်ဒို
======================

ခရစ္စတီယာနိုရော်နယ်ဒိုက ဂိုးတစ်ထောင်ရည်မှန်းချက်ပြည့်မြောက်ရေး ဥရောပဘောလုံးလောကသို့ ပြန်လည်ခြေချလာနိုင်ကြောင်း အရိပ်အမြွက်ပြောကြားလာပါတယ်။
အသက် ၄၀ နှစ်ရှိ ဂန္ထဝင်ကစားသမားဟာ ပြီးခဲ့တဲ့အပတ်တုန်းက Al Nassr အတွက် ၂ ဂိုးသွင်းနိုင်ခဲ့ပြီးနောက် ကစားသမားဘဝ ၉၅၆ ဂိုးသွင်းယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ လာမယ့် နွေရာသီတွင် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲက ပေါ်တူဂီနှင့်အတူ နောက်ဆုံးယှဉ်ပြိုင်တဲ့ နိုင်ငံတကာပြိုင်ပွဲ ဖြစ်လာမယ်လို့ ဝန်ခံထားပြီး ဖြစ်ပါတယ်။
ဆော်ဒီကလပ် Al Nassr နှင့် ပေါင် ၄၉၂ သန်းတန် စာချုပ်ချုပ်ဆိုထားတဲ့ ရော်နယ်ဒိုဟာ နောက်တစ်နှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးလာပါမယ်။
လက်ရှိအချိန်တွင် ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဂိုးတစ်ထောင်ပြည့်ရေး ၄၄ ဂိုးတည်းသာ လိုတော့ပေမယ့်လည်း လာမယ့်နှစ်တွင် မပြည့်မီလာပါက ဂိုးတစ်ထောင်ပြည့်ရေး ကစားသမားဘဝ ဆက်လက်ခြေဆန့်လာဖို့ ရှိနေပါတယ်။
ယင်းသို့ ဖြစ်လာပါက ခရစ္စတီယာနိုရော်နယ်ဒိုအနေဖြင့် ဥရောပအပါအဝင် မည်သည့်နေရာတွင်မဆို ကစားရန် ဆုံးဖြတ်ထားပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုက "ဘယ်နေရာလဲဆိုတာက အရေးမကြီးပါဘူး"လို့ ဆိုသွားပါတယ်။
ရော်နယ်ဒိုဟာ ယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်တို့နှင့်အတူ ဥရောပဘောလုံးလောကတွင် အောင်မြင်မှုများ ရယူနိုင်ခဲ့ပါတယ်။
သူဟာ တနင်္ဂနွေနေ့တုန်းက ဒူဘိုင်းတွင် ပြုလုပ်တဲ့ Globe Soccer Awards ဆုပေးပွဲအခမ်းအနားတွင် Best Middle East Player ဆုအား ဆွတ်ခူးခဲပါတယ်။
ယင်းဆုပေးပွဲတွင် ခရစ္စတီယာနိုရော်နယ်ဒိုက "စိတ်အားထက်သန်မှုက မြင့်မားနေပါတယ်။ ဆက်ပြီးတော့ ကစားသွားချင်တယ်။ အရှေ့အလယ်ပိုင်းပဲ ဖြစ်ဖြစ် ဥရောပပဲ ဖြစ်ဖြစ် ဘယ်နေရာမှာ ကစားတယ်ဆိုတာ အရေးမကြီးဘူး။ ဘောလုံးကစားရရင် အမြဲပျော်တယ်။ ဆက်ပြီးတော့ ကစားသွားချင်တယ်။ ဒဏ်ရာပြဿနာတွေသာ မရှိလာရင် ဂိုးတစ်ထောင်ပြည့်လာဖို့ သေချာပါတယ်"လို့ ပြောကြားသွားပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ မကြာသေးမီတုန်းက မော်တော် (သို့မဟုတ်) ရေယာဉ်ပျံဖြင့်သာ လာရောက်နိုင်မယ့် သီးသန့်ကျွန်းမှ ဇိမ်ခံအိမ်နှစ်လုံးအား ဝယ်ယူခဲ့သူလည်း ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ဆော်ဒီရဲ့မြို့တော် ရီယာ့ဒ်နှင့် မိုင် ၈၀၀ အကွာရှိ ပင်လယ်နီကျွန်း နူဂျူမာသို့ သွားရောက်ကာ အပန်းဖြေနိုင်တော့မှာလည်း ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ယင်းကျွန်းမှ အိမ် ၂ လုံးကို ပေါင် ၇ သန်းဖြင့် ဝယ်ယူခဲ့တာလည်း ဖြစ်ပါတယ်။

image