အဆိုးရွားဆုံးရာသီကြုံခဲ့ရပြီးနောက် အမိုရမ်အား ယူနိုက်တက်ကစားသမားတို့ ဘယ်လို တုံ့ပြန်ခဲ့လဲ အဲရစ်ဆင် ဖွင့်ချလာ
======================

ခရစ္စတီယန်အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ကလပ်ရဲ့ ပရီးမီးယားလိဂ်သမိုင်းတွင် အဆိုးရွားဆုံးအဆင့်တွင် ရပ်တည်ခဲ့ရပြီးနောက် ယူနိုက်တက်ကစားသမားတို့ အမိုရမ်အား ဘယ်လို တုံ့ပြန်ခဲ့ကြသလဲ ဖွင့်ဟလာပါတယ်။
အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက အမိုရမ်ရဲ့လက်အောက်တွင် ၂၂ ပွဲ ကစားသလို ကလပ်ရဲ့ အဝတ်အစားလဲခန်းအတွင်း စီနီယာကစားသမားတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။
ရူဘင်အမိုရမ်ဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ယူနိုက်တက်သို့ ရောက်လာပြီးနောက် ၃-၄-၃ ကစားကွက်တစ်ခုတည်းကိုသာ အသုံးပြုလာခဲ့သလို မီဒီယာများရှေ့မှောက်တွင်လည်း စကားများစွာ ပြောဆိုခဲ့ပါတယ်။
ဇန်နဝါရီလတုန်းက သတင်းစာရှင်းလင်းပွဲတစ်ခုမှာတော့ အမိုရမ်က သူ့အသင်းမှာ ကလပ်ရဲ့ ၁၄၇ နှစ်သက်တမ်းအတွင်း အဆိုးရွားဆုံး အသင်းဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။
ပေါ်တူဂီလူမျိုးနည်းပြဟာ ဘရိုက်တန်ကို ၃-၁ ဖြင့် ရှုံးနိမ့်ပြီးနောက် အထက်ပါအတိုင်း ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ထိုစဉ်တုန်းက ယူနိုက်တက်ဟာ အိမ်ကွင်း ၄ ပွဲမြောက် ရှုံးပွဲကြုံရပြီး အမိုရမ်လက်ထက် ၁၁ မှတ်တည်းသာ ရထားချိန် ဖြစ်ပါတယ်။
အဲရစ်ဆင်က အမိုရမ်ရဲ့ လူသိရှင်ကြား ဝေဖန်ပြောဆိုမှုက ကစားသမားများရဲဖိအားကို လျှော့ကျသွားစေခြင်း မရှိကြောင်း ဆိုသွားပါတယ်။
အသက် ၃၃ နှစ်ရှိ ဒိန်းမတ်ကွင်းလယ်ကစားသမားက "အကူအညီမဖြစ်ပါဘူး။ ဘာမှ အကူအညီ မဖြစ်ပါဘူး။ ကစားသမားတွေကို အကူအညီ ဖြစ်စေတယ်လို့လည်း မထင်ပါဘူး။ တချို့အရာကို ရင်ထဲမှာပဲ ပြောရတယ်။ အပြင်ထွက်လာတာ ပညာသား မပါဘူး။ ဖိအားပဲ ဖြစ်စေတယ်၊ အကောင်းဆုံးကြိုးစားအားထုတ်နေတဲ့ ကစားသမားတွေကို နောက်ထပ် တံဆိပ်ကပ်လာတာ။ အကူအညီဖြစ်တယ်လို့ မထင်ပါဘူး။ သူ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အတွက်ကတော့ 'နောက်ထပ် တစ်ကြိမ် ထပ်သွားရဦးမယ်၊ ခေါင်းစည်းမှာ ဖော်ပြခံရဦးမယ်'လို့ပဲ တွေးမိတယ်"လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက အဆင့် ၁၅ နေရာတွင်သာ ရပ်တည်ကာ ပရီးမီးယားလိဂ်သမိုင်းတွင် အဆိုးရွားဆုံးအဆင့်တွင် ရပ်တည်ခဲ့ပါတယ်။
အဲရစ်ဆင်ဟာ နွေရာသီတွင် ယူနိုက်တက်နှင် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ဝုဖ်ဘတ်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းလာခဲ့ပါတယ်။
အဲရစ်ဆင်ဟာ ရူဘင်အမိုရမ်ရဲ့ မီဒီယာများမှ တဆင့် ကစားသမားများကို ဝေဖန်ပြောဆိုမှုအား ဝေဖန်ခဲ့ပေမယ့်လည်း နည်းဗျူဟာပိုင်း ချဉ်းကပ်ပုံအပေါ် ချီးကျူးသွားပါတယ်။
စပါးစ်နှင့် အင်တာမီလန်စတားဟောင်းက "စိတ်ကူးစိတ်သန်းတွေနဲ့ သူရောက်လာတယ်။ မြင်နေသေးတာတွေကို ပြောင်းလဲဖို့ ကြိုးစားခဲ့တယ်။ သူ့နည်းလမ်းအတိုင်း ဖြစ်ဖို့ ကြိုးစားတယ်။ ကစားသမားတွေအတွက် နေရာအတိအကျ၊ ကစားပုံစတိုင်အတိအကျ လုပ်တယ်။ ဒါကြောင့်လည်း သူအောင်မြင်ခဲ့တာ။ ကစားသမားတွေက ဒီစနစ်မှာ မကစားဖူးတော့ အများကြီး ပြောင်းလဲရတယ်။ သမိုင်းကြောင်းအရ ကြည့်ရင် ယူနိုက်တက်က ဒီစနစ်နဲ့ လုံးဝကွဲပြားတဲ့စနစ်နဲ့ ကစားလာတာပါ။ သူက အမြဲတမ်း ရိုးသားတယ်။ ကျွန်တော့်ကို အစကတည်းက ရိုးရိုးသားသားပဲ ပြောတယ်။ တကယ့်တကယ့်ကို ရိုးသားတယ်လို့ပဲ ပြောချင်တယ်"လို့ ပြောကြားသွားပါတယ်။
ရူဘင်အမိုရမ်ဟာ ယူနိုက်တက်သို့ ရောက်လာပြီးနောက် ၃-၄-၃ ကစားကွက်ကို တောက်လျှောက် ခေါင်းမာမာဖြင့် အသုံးပြုလာခဲ့ပေမယ့်လည်း နယူးကာဆယ်အား ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ ဘောက်ဆင်ဒေးပွဲစဉ်မှာတော့ ၄-၂-၃-၁ ကစားကွက်အား ပထမဆုံးအကြိမ် ပြောင်းလဲ အသုံးပြုခဲ့ပါတယ်။
အဲရစ်ဆင်ဟာ ယူနိုက်တက်အတွက် ၁၀၇ ပွဲကစားခဲ့ရာမှာ ၈ ဂိုးသွင်းပြီး ၁၉ ကြိမ် ဖန်တီးပေးခဲ့ပါတယ်။

image