အင်္ဂလန်ရဲ့အကောင်းဆုံးလူအင်အားကို ပိုင်ဆိုင်ကာ ဇယားထိပ်ဆုံးတွင် ရပ်တည်နေပေမယ့် ပေါင် ၅၅ သန်းအကြပ်အတည်းကြုံနေတဲ့ အာဆင်နယ်
=====================
ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်စာရင်းမှ ထိပ်ဆုံး ၁၀ ဦးကို ကြည့်လိုက်ပါ။ ထူးခြားတာ တစ်ခုကို တွေ့ရပါလိမ့်မယ်။ ပြောရရင် မမြင်ရတာ တစ်ခုကို ရှိနေပါတယ်။
ဒါပေမယ့် ဂိုးသွင်းဘုရင်စာရင်းရဲ့ အဆင့် ၁၄ ပြီးရင်တော့ တွေ့ရပါမယ်။
ဟုတ်ပါတယ်။ အာဆင်နယ်ဟာ မန်စီးတီးပြီးရင် ပရီးမီးယားလိဂ်ရဲ့ ဂိုးအများဆုံးသွင်းယူထားတဲ့အသင်းအဖြစ် ရပ်တည်နေပေမယ့်လည်း ၅ ဂိုးထက် ပိုသွင်းနိုင်တဲ့ ကစားသမား မရှိထားပါဘူး။
နွေရာသီတုန်းက စပို့တင်းလစ္စဘွန်းကနေ ပေါင် ၅၄.၈ သန်းဖြင့် ပြောင်းလာတဲ့ ဗစ်တာယိုကီရေးစ်ဟာ ပရီးမီးယားလိဂ်သွင်းဂိုး ၅ ဂိုးနဲ့ အခြားပရီးမီးယားလိဂ်ကစားသမား ၈ ဦးနှင့်အတူ ပူးတွဲ ရပ်တည်နေပါတယ်။
အာဆင်နယ်မှာ ကိုယ်ပိုင် ဂိုးအများကြီးသွင်းနိုင်တဲ့သူတွေ မရှိပေမယ့်လည်း ပြိုင်ဘက်အသင်းက သွင်းဂိုးတွေလည်း ရှိနေပါတယ်။
စနေနေ့တုန်းက ဘရိုက်တန်ကို ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာ ဂျော်ဂျီနီယိုရုဒ်သာက ဂိုးသွင်းပြီးနောက် အာဆင်နယ်တို့ ယခုရာသီ ၄ ဂိုးမြောက် OG ဂိုး ရလာခဲ့ပါတယ်။
ဗစ်တာယိုကီရေးစ်ဟာ အာဆင်နယ်သို့ မရောက်မီ စပို့တင်းမှာတုန်းက ၁၀၂ ပွဲကစားခဲ့ရာမှာ ၉၇ ဂိုးအထိ သွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်သို့ ရောက်လာချိန်မှာတော့ ယိုကီရေးစ်ဟာ လုံးဝ ကွဲပြားသွားတဲ့သူတစ်ယောက် ဖြစ်လို့နေပါတယ်။
သူ့ခြေစွမ်းညံ့ဖျင်းမှုက စိုးရိမ်အနေအထားမှာသာမက ပြဿနာကြီးတစ်ရပ်ပါ ဖြစ်လို့နေပါတယ်။ အာဆင်နယ်အနေနဲ့ ပရီးမီးယားလိဂ်ဖလား ရယူချင်တယ်ဆိုရင် ဂိုး ၂၀ အထက် သွင်းနိုင်မယ့် တိုက်စစ်သမား အနည်းဆုံး ၁ ဦးလိုအပ်ပါတယ်။
အာတီတာကတော့ ယိုကီရေးစ် ကောင်းလာနိုင်တယ်လို့ အကောင်းမြင်နေသလို ပရိသတ်တွေကလည်း အောင်မြင်မှု ရလာမယ်လို့ အကြွင်းမဲ့ယုံကြည်နေကြတုန်းပါ။
ပွဲတွေအတွင်း ဆွီဒင်တိုက်စစ်မှူးဟာ အကောင်းဆုံးပုံစံ ရရန် ရုန်းကန်ရပေမယ့်လည်း ပရိသတ်တွေရဲ့ ဝေဖန်မှု ကြုံလာရခြင်း မရှိပါဘူး။
ဒါပေမယ့် ဘရိုက်တန်နှင့်ပွဲမှ ခြေစွမ်းက EFL တိုက်စစ်မှူးတစ်ယောက်ရဲ့ ခြေစွမ်းမျိုး ဖြစ်နေပါတယ်။
သူဟာ အာဆင်နယ်သို့ ရောက်လာပြီးနောက် တာထွက်နှေးခဲ့ပေမယ့် တဖြည်းဖြည်း တိုးတက်လာချိန် နိုဝင်ဘာလ ၁ ရက်နေ့ ဘန်လေနှင့်ပွဲမှာ တံကောက်ကြော ဒဏ်ရာရပြီး ခြေလှမ်းပြန်ဆုတ်လိုက်ရပါတယ်။
ဒဏ်ရာက ပြန်လာပြီးနောက်ပိုင်းမှာ ယိုကီရေးစ်ဟာ ယုံကြည်မှုပိုင်း ဆိုးဆိုးရွားရွား ထိခိုက်နေကာ ဘောလုံးတောင် မထိန်းနိုင် မသိမ်းနိုင်တဲ့ ဘဝ ရောက်နေပါတယ်။
အချို့က ယင်းသို့ ဖြစ်နေမှုက အာဆင်နယ်ကစားဖော်တွေက သူ့ဆီကို ဘောလုံးအလျှင်အမြန် မပေးပို့လို့ဆိုပြီး ဝေဖန်ကြပါတယ်။
တဖက်မှာ ဗစ်တာယိုကီရေးစ်ဟာ ရတဲ့အခွင့်အရေးကိုလည်း ပိုင်ပိုင်နိုင်နိုင် အသုံးမချနိုင်ပြန်ပါဘူး။ ဘုန်းမောက်နဲ့ပွဲ ဒုတိယမိနစ်မှာ ယိုကီရေးစ်ဟာ တကယ့်ကို ရွှေအခွင့်အရေးကောင်း ရခဲ့ပေမယ့် မသုံးမချနိုင်ပါဘူး။
ဒါ့အပြင် ယင်းပွဲရဲ့ ပထမပိုင်းမှာပင် ဝီလီယမ်ဆာဘီဘာရဲ့ ဖြတ်တင်ဘောကနေ ဂိုးသွင်းနိုင်မယ့်အခွင့်အရေး ထပ်ရပေမယ့် အသုံးမချနိုင်ခဲ့ပြန်ပါဘူး။
ဒုတိယပိုင်းမှာလည်း နောက်ထပ် အခွင့်အရေး တစ်ကြိမ် ရခဲ့ပေမယ့် တိုင်ထိသွားခဲ့ပါတယ်။
အာတီတာဟာ မာတင်အိုဒီဂတ်၊ ဒီယေဂိုဂိုမက်ဇ်ရဲ့ OG ဂိုးတို့ဖြင့် ၂-၀ ဖြင့် ဦးဆောင်နိုင်ချိန်မှာတော့ ယိုကီရေးစ်အစား ဂါဘရီရယ်ဂျေဆူးကို ထည့်သွင်းခဲ့ပါတယ်။
ဂျေဆူးဟာ ဒူးအရွတ်ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာကာ ကြံ့ခိုင်မှုပြည့်ဝတဲ့ပုံ ပေါက်နေပေမယ့်လည်း ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူးတစ်ဦး မဟုတ်ပါဘူး။ ဒါက ပြောင်းလဲလာဦးမယ့်အခြေအနေမှာ မရှိပါဘူး။
ဒီတော့ အာဆင်နယ်အတွက် ယိုကီရေးစ် ဂိုးပေါက်ပျောက်နေမှုက အကြီးမားဆုံး ပြဿနာဖြစ်လာနေပါတယ်။
အခုဆို ဒုတိယရာသီဝက် စောင့်ကြိုနေပြီ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပွဲကြပ်တွေနဲ့အတူ ချန်ပီယံလိဂ်အရေးပါတဲ့အဆုံးအဖြတ်ပွဲစဉ်များလည်း စောင့်ကြိုနေပြီ ဖြစ်ပါတယ်။
အာဆင်နယ်အတွက် လတ်တလော အကြီးမားဆုံး စမ်းသပ်မှုက အမ်းမရိတ်မှာ ဗီလာကို ရင်ဆိုင်ရမယ့်ပွဲ ဖြစ်နေပါတယ်။
ဗီလာဟာ ပြီးခဲ့တဲ့အပတ်တုန်းက ချဲလ်ဆီးကို နောက်ကလိုက်ကစားပြီး အနိုင်ယူကာ ၁၁ ပွဲဆက် နိုင်ပွဲရထားပါတယ်။
ဒါ့အပြင် ဗီလာဟာ ဒီဇင်ဘာလအစောပိုင်းတုန်းက ဗီလာပါခ့်မှာ အာဆင်နယ်ကို အမှတ်ဗလာနဲ့ အိမ်ပြန်စေခဲ့တဲ့အသင်းလည်း ဖြစ်နေပါတယ်။
အာဆင်နယ်အနေနဲ့ ဗီလာပွဲက သရေ (သို့မဟုတ်) အရှုံး ကြုံလို့ရတဲ့ ပွဲမျိုး မဟုတ်ပါဘူး။
အာဆင်နယ်ကို ဖိအားပေးနေတာ တတိယနေရာက ဗီလာတစ်သင်းတည်း မဟုတ်ပါဘူး။ အာဆင်နယ်ရဲ့ ခြေချော်လက်ချော်ဖြစ်မှုကို ကတွတ်ပေါက် ဗျိုင်းစောင့်သလို စောင့်နေတဲ့ မန်စီးတီးလည်း ရှိပါသေးတယ်။
တဖက်မှာ ဗီလာကတော့ အမ်းမရိတ်ကွင်းပွဲစဉ်သာ အနိုင်ရမယ်ဆိုရင်တော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုတုန်းက လက်စတာတို့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့သလိုမျိုး ဖြစ်နိုင်တယ်လို့ ယုံကြည်မှု ဆထက် တပိုးမြင့်မားလာစေမှာ သေချာနေပါတယ်။