လီဗာပူးအတွက် ပထမဆုံးဂိုးသွင်းလာနိုင်ခဲ့ပြီ ဖြစ်တဲ့ ဖလိုရီယန်ဝါ့ဇ်
====================
လီဗာပူးဟာ ဝုဗ်အား အနိုင်ရတဲ့ပွဲမှာ ၈၉ စက္ကန့်အတွင်း ၂ ဂိုးသွင်းခဲ့ပါတယ်။ ဒါပေမယ့် သွင်းဂိုး ၂ ဂိုးအကြား ကွင်းအတွင်း ဆူညံသံက ကွဲပြားနေပါတယ်။
ရာယန်ဂရာဗန်ဘစ်ချ်က အဖွင့်ဂိုးသွင်းလိုက်ပြီးတဲ့နောက် ဖလိုရီယန်ဝါ့ဇ်က လီဗာပူးတို့ ၂-၀ ဂိုးဖြင့် ဦးဆောင်နိုင်မယ့်ဂိုးကို သွင်းခဲ့ပါတယ်။
ဂျာမန်အလယ်တန်းကစားသမားဟာ လီဗာပူးအတွက် ပထမဆုံးဂိုးသွင်းလာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အန်ဖီးလ်ရှိ လီဗာပူးပရိသတ်များဟာ အောင်ပွဲခံရရုံသာ မဟုတ်ပါဘူး။ အကြီးအကျယ်ဟစ်ကြွေးခဲ့ကြပါတယ်။
နောက်ဆုံးမှာတော့ ဖလိုရီယန်ဝါ့ဇ် တစ်ယောက် ဂိုးပေါက်ရှာတွေ့ခဲ့ပြီ ဖြစ်ပါတယ်။
ဖလိုရီယန်ဝါ့ဇ်ဟာ နွေရာသီတုန်းက ပေါင် ၁၁၆ သန်းဖြင့် လီဗာပူးသို့ ရောက်လာပြီးတဲ့နောက် ရက်ပေါင်း ၁၉၀ အကြာမှာ ပထဆုံးဂိုးသွင်းလာနိုင်ခဲ့တာပါ။
ဖလိုရီယန်ဝါ့ဇ်ဟာ မာဆေးဆိုက်သို့ စရောက်တုန်းက ရုန်းကန်ခဲ့ရပေမယ့်လည်း ယခုအခါမှာတော့ အထိုင်ကျနေပြီ ဖြစ်ကြောင်း ပြသလာနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။
ဖလိုရီယန်ဝါ့ဇ်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက စပါးစ်နှင့်ပွဲမှာ အလက်ဇန္ဒားအီဆက်ခ်ကို ဂိုးသွင်းနိုင်အောင် ဖန်တီးပေးခဲ့ပြီးနောက် ဝုဗ်နှင်ပွဲအတွက် ယုံကြည်မှု မြင့်မားနေခဲ့တာပါ။
ဖလိုရီယန်ဝါ့ဇ်ဟာ ဝုဗ်နှင့်ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ရုံသာမက အကောင်းဆုံးလည်း ကစားနိုင်ခဲ့ပါသေးတယ်။
သူဟာ ဝုဗ်နှင့်ပွဲမှာ ၉ ကြိမ်လိမ်ခေါက်ရာမှာ ၇ ကြိမ်လုံးအောင်မြင်ခဲ့ပြီး ယခုရာသီ ပရီးမီးယားလိဂ်ပွဲတစ်ပွဲအတွင်း လိမ်ခေါက်မှုအအောင်မြင်ဆုံးအဖြစ် အန်ဒီယာယီ(၉ ကြိမ်)၊ ဒိုကူ (၈ ကြိမ်)တို့နောက် ရပ်တည်နေပါတယ်။
မနေ့ညကပွဲမှာ လီဗာပူးဟာ ဝုဗ်ခံစစ်ကြောင်းကို ဖြတ်ကျော်ဖို့ ရုန်းကန်နေရချိန် ဖလိုရီယန်ဝါ့ဇ်က ဝုဗ်ကစားသမားတွေကို လိမ်ခေါက်ကျော်ဖြတ်ကာ နေရာလွတ်ထွက်ပေါ်လာအောင် ဖန်တီးနိုင်ခဲ့ပါတယ်။
ပွဲအစောပိုင်းတွင် သူဟာ ဝုဗ်ကစားသမား ၄ ဦးကို လိမ်ခေါက်ပြီး ဟူဂိုအီကီတီကီ ဂိုးသွင်းနိုင်ဖို့ ဖန်တီးပေးခဲ့ပေမယ့် ဂိုးမရခဲ့လို့ ဖန်တီးမှု မရခဲ့တာပါ။ တကယ်လို့များ ဂိုးသာ ဝင်သွားခဲ့ရင် ဒီဖန်တီးမှုက ယခုရာသီ အကောင်းဆုံးဖန်တီးမှုတွေထဲက တစ်ခု ဖြစ်လာဖို့ သေချာနေပါတယ်။
ဒါပေမယ့် ဟူဂိုအီကီတီကီဟာ ဖလိုရီယန်ဝါ့ဇ် ပထမဆုံးဂိုး သွင်းနိုင်ဖို့ ပြန်လည် ဖန်တီးမှု ပြုလုပ်ပြီး ဖာထေးပြနိုင်ခဲ့ပါတယ်။
အရိုးအက်ဒဏ်ရာကြောင့် အလက်ဇန္ဒားအီဆက်ခ် ၈ ပတ်ကြာ အနားယူနေရချိန်မှာ ဟူဂိုအီကီတီကီနှင့် ဖလိုရီယန်ဝါ့ဇ်တို့အကြား အချိန်အဆက်မိလာမှုက လာမယ့်လတွေမှာ လီဗာပူးအတွက် အရေးပါလာဖို့ သေချာနေပါတယ်။
ဂိုးသွင်းနိုင်ခဲ့မှုနှင့်ပတ်သက်ပြီး ဖလိုရီယန်ဝါ့ဇ်က "ဒီလိဂ်က ကမ္ဘာ့အခက်ခဲဆုံးလိဂ်ဆိုတာ သိပါတယ်။ ကြံ့ခိုင်မှုပိုင်း အသားကျအောင် လုပ်ခဲ့ရတယ်။ ကွင်းထဲမှာဆိုရင်လည်း အလယ်တန်းမှာ ကစားသမားတွေ အများကြီးပါ။ ပွဲတိုင်း ဖြည်းဖြည်းချင်း တိုးတက်နေတယ်လို့ ထင်တယ်။ ဒီအတိုင်း ဆက်သွားချင်တယ်"လို့ ပြောကြားသွားပါတယ်။
ဖလိုရီယန်ဝါ့ဇ်ဟာ ပရီးမီးယားလိဂ်ပထမဆုံးဂိုးသွင်းယူနိုင်ဖို့ ဂိုးပေါက်ကန်ချက် ၂၁ ကြိမ်အထိ ပြုလုပ်ခဲ့ရပါတယ်။