4 ရက် - ဘာသာပြန်ပါ။

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ သွင်းဂိုးနှင့်အတူ ၁၀ ပွဲဆက် စံချိန်တင် နိုင်ပွဲ ရရှိလာတဲ့ Al Nassr
========================

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ သွင်းဂိုး ၂ ဂိုးနှင့်အတူ Al Nassr ဟာ စနေနေ့တုန်းက Al Akhdoud ကို ၃-၀ ဂိုးဖြင့် အနိုင်ယူပြီး ဆော်ဒီပရိုလိဂ် ၁၀ ပွဲဆက် နိုင်ပွဲ ရရှိလာပါတယ်။

Al Nassr ဟာ ၂၀၂၅-၂၆ ရာသီ ဆော်ဒီပရိုလိဂ် ၁၀ ပွဲတွင် ရမှတ် ၃၀ အထိ ရယူထားနိုင်ကာ ဒုတိယနေရာမှ Al Hilal ကို ရမှတ် ၄ မှတ်ဖြတ်ပြီး အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပါတယ်။

ရော်နယ်ဒိုဟာ ပွဲချိန် ၃၀ မိနစ်တွင် ဂျာအိုဖီးလစ်ရဲ့ ထောင့်ကန်ဘောကနေ အန်ဂျီလိုဂိုမက်စ်ရဲ့ ခေါင်းတိုက်မှုမှ တဆင့် အနီးကပ်လွတ်လွတ်ကျွတ်ကျွတ်ပိတ်သွင်းကာ အဖွင့်ဂိုးသွင်းခဲ့ပါတယ်။

ယင်းနောက် ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပထမပိုင်းပြီးခါနီးတွင် ဘရိုဇိုဗစ်ရဲ့ ဖန်တီးမှုကနေ နောက်ပေါက်နဲ့ လှပစွာ ပိတ်သွင်းပြီး ဒုတိယဂိုးသွင်းပေးခဲ့ပါတယ်။

Al Nassr ရဲ့ တတိယဂိုးကို ပွဲပြီးခါနီး နာကျင်အချိန်ပို ၉၄ မိနစ်တွင် ဂျာအိုဖီးလစ်က ခြောက်ကိုက်အကွာမှ အပိုင်ကန်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။

ယခုပွဲတွင် ကစားသမားဘဝ ဂိုးတစ်ထောင်ပြည့်သွင်းရန် ရည်မှန်းထားတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ၂ ဂိုးသွင်းလာနိုင်မှုနှင့်အတူ ကစားသမားဘဝ သွင်းဂိုး ၉၅၆ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် ခြေစွမ်းကျရိပ်မပြသေးတဲ့ ရော်နယ်ဒိုဟာ ဂိုးတစ်ထောင်ပြည့်ဖို့ ၄၄ ဂိုးတည်းသာ လိုတော့ပြီ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဒီပွဲရဲ့ ၆၆ မိနစ်မှာ ဟက်ထရစ်ဂိုးသွင်းခဲ့ပေမယ့် VAR က လူကျွံဘောအဖြစ် သတ်မှတ်ခဲ့သလို့ ဟက်ထရစ်မရရှိခဲ့တာပါ။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ ယခုပွဲသွင်းဂိုး ၂ ဂိုးကြောင့် ၂၀၂၅ ခုနှစ်အတွင်း သွင်းဂိုး ဂိုး ၄၀ အထိ ရှိလာပြီလည်း ဖြစ်ပါတယ်။

image