2 ပတ် - ဘာသာပြန်ပါ။

ယူနိုက်တက်ရဲ့အရေးပါတဲ့ ကစားသမား ၂ ဦးရဲ့ အနာဂတ်ကို မဆုံးဖြတ်ရသေးကြောင်း အမိုရမ်ဖွင့်ဟလာ
=================

ယူနိုက်တက်နည်းပြရူဘင်အမိုရမ်က ရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးလာကြမယ့် ဟယ်ရီမက်ဂွိုင်းယားနှင့် ကက်စ်မီရိုတို့ရဲ့ အနာဂတ်နှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်မချရသေးကြောင်း အတည်ပြုလာပါတယ်။

ဟယ်ရီမက်ဂွိုင်းယားနှင့် ကက်စ်မီရိုတို့ဟာ စာချုပ်သက်တမ်း ၆ လသာကျန်တော့ကြတဲ့သူများဖြစ်ကြပြီး အမိုရမ် လက်အောက်တွင် အရေးပါတဲ့ ကစားသမားများအဖြစ် ကစားနေကြသူများလည်း ဖြစ်ပါတယ်။

၎င်းတို့ဟာ လက်ရှိကလပ်နှင့် ၆ လစာချုပ်သက်တမ်းသာ ကျန်တော့ရာ လာမယ့် ဇန်နဝါရီလမှ စတင်ကာ နိုင်ငံခြားကလပ်များနှင့် လွတ်လပ်စွာ ဆွေးနွေးကာ အကြိုစာချုပ်ချုပ်ဆိုခွင့် ရှိကာ နွေရာသီတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာနိုင်ကြပါတယ်။

လီဗာပူးမှာလည်း ပြီးခဲ့တဲ့ရာသီတုန်းက ယင်းသို့အဖြစ်အပျက်မျိုး ကြုံခဲ့ရပြီး ဆာလက်နှင့် ဗန်ဒိုက်တို့ကို စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့ပေမယ့် အလက်ဇန္ဒားအာနိုးကို ရီးရဲလ်မက်ဒရစ်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ခဲ့ရပါတယ်။

ဒါပေမယ့် ကက်စ်မီရိုနှင့် မက်ဂွိုင်းယားတို့မှာ ခြောက်လစာချုပ်သက်တမ်းသာ ကျန်တော့ပေမယ့်လည်း ယူနိုက်တက်ဘက်က ၁ နှစ်သက်တမ်းတိုးနိုင်မယ့်အခွင့်အရေးအား စာချုပ်အတွင်းတွင် ချုပ်ဆိုထားရာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရမည်ကို စိုးရိမ်စရာ မရှိလိုပါဘူး။

တဖက်တွင် ကက်စ်မီရိုမှာ လက်ရှိ ကလပ်ရဲ့ လုပ်ခအများဆုံးရ ကစားသမားဖြစ်နေရာ ယူနိုက်တက်အနေဖြင့် ယင်းလုပ်ခမျိုးဖြင့် စာချုပ်သစ်ချုပ်ဆိုလာပါ့မလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ မက်ဂွိုင်းယားမှာမူ လုပ်ခလျှော့ယူကာ စာချုပ်သစ်ချုပ်ဆိုလာနိုင်ပါတယ်။

ယခုအခါ အမိုရမ်က "ဘာဆုံးဖြတ်ချက်မှ မချရသေးပါဘူး။ လုပ်စရာတွေ အများကြီး ရှိတယ်။ လာမယ့်ရာသီမှာ ဘာဖြစ်လာမယ်ဆိုတာ နားလည်ဖို့ လိုတယ်။ ဥရောပပွဲ ရှိလာမလားဆိုတာ နားလည်ဖို့ လိုတယ်။ သူတို့ရှိနေလို့ အရမ်းပျော်ပါတယ်။ ရာသီအကုန်မှာ ဘာဖြစ်လာမလဲ ကြည့်ရဦးမယ်။ ဘယ်အဆင့်မှာ ရပ်တည်နိုင်မလဲ ကြည့်ရမယ်။ ပြီးမှ ဆုံးဖြတ်ရမယ်"လို့ ပြောကြားသွားပါတယ်။

image