မြစ်ကြီးနား လေတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် လိုင်ဇာကို အသေခံဒရုန်းနဲ့ ဗုံးကြဲ၊ ဗန်းမော်မှာ တိုက်ပွဲဖြစ်ပွား
ကချင်ပြည်နယ်၊ မြစ်ကြီးနား ၊ နမ့်ပေါင် လေတပ်စခန်းကို ဒီဇင်ဘာ ၂၅ ရက်နေ့ မနက်ပိုင်းက KIA ကနေ ပစ်ခတ်တိုက်ခိုက်ခဲ့သလို အစိုးရတပ်ကလည်း KIO ဌာနချုပ်ရှိရာ လိုင်ဇာကို အသေခံဒရုန်းသုံးစင်းနဲ့ တန်ပြန်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ စစ်ရေးသတင်းတွေအရ သိရပါတယ်။
လေတပ် စခန်းတိုက်ခိုက်ခံရမှုမှာ ရဟတ်ယာဥ် တစီးနဲ့ တိုက်လေယာဥ် တစီး ထိခိုက်ပျက်စီး မှုရှိကြောင်း အတည်မပြုနိုင်တဲ့သတင်းထွက် ပေါ်နေပေမယ့် KIA ဘက်က သတင်း ထုတ်ပြန်ခြင်းမရှိသလို အစိုးရ ဘက်ကလည်း သတင်းထုတ်ပြန် ခြင်း မရှိသေးပါဘူး ။
လုံခြုံရေး တပ်ဖွဲ့နဲ့ နီးစပ်သူ စစ်ရေးသတင်းရင်းမြစ် တယောက်ကတော့ " လေတပ်စခန်း တိုက်ခံရတာ မှန်ပေမယ့် လေယာဥ် ထိခိုက်ပျက်စီး တာမရှိပါဘူး ။ တပ်မတော်က လိုင်ဇာကို အသေခံဒရုန်းနဲ့ ပြန်ပြီး တိုက်တာမှာတော့ KIA ဘက်က သေဆုံး ရှိတယ်လို့ သိရတယ် ။ " လို့ ပြောပါတယ် ။
KIA နဲ့ နီးစပ်သူတွေ ကတော့ လိုင်ဇာ တိုက်ခိုက်ခံရမှုမှာ နေအိမ်တလုံး ထိခိုက်ပျက်စီးမှု ရှိခဲ့ပြီး လူထိခိုက်မှု မရှိကြောင်း ပြောဆိုနေတာ တွေ့ရပါတယ် ။
တချိန်တည်းမှာပဲ ဗန်းမော်မြို့နယ်မှာ အစိုးရတပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲ ပြင်းထန် ဖြစ်ပွားနေပြီး KIA ဘက်က တန်ပြန် ထိုးစစ်ဆင် ဝင်ရောက် တိုက်ခိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ် ။
" ခလရ ၄၇ ကို ဝင်တိုက်နေတယ် သိရတယ်။ တိုက်ပွဲတွေက ဒီနေ့မနက် ကစပြီး နေရာအစုံမှာ ဖြစ်နေတာ မျိုးလို့ သိရတယ်။ ကျန်တဲ့ အခြေအနေတော့ သေချာ မသိရသေးဘူး ။ " လို့ သူက ထပ်မံ ပြောပါတယ် ။
ဗန်းမော်မြို့ရှိ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ သိမ်းပိုက်ထားတဲ့ နေရာတွေကို အလုံးစုံ သိမ်းပိုက်နိုင်ရေး အတွက် KIA ဘက်က ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်လာတာ ဖြစ်ပြီး အစိုးရတပ် ကလည်း မြို့ကိုပြန်လည် သိမ်းပိုက်ဖို့ လုပ်နေတာကြောင့် တိုက်ပွဲကပြင်းထန် မယ့် အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဗန်းမော်မြို့ကို စွန့်ခွာသွားသူ အများအပြားရှိထားပြီး. မြို့ထဲမှာပဲ အဆင်ပြေသလို နေထိုင်နေကြတဲ့ ဒေသခံ အနည်းငယ်လည်း ကျန်ရှိနေကြောင်း သိရပါတယ်။
ဗန်းမော်မြို့ကတော့ တိုက်ပွဲတွေကြောင့် တမြို့လုံးနီးပါး ပျက်စီးသွားပြီး မြို့ပျက်ကြီး သဖွယ်ဖြစ်နေတယ်လို့ သိရပါတယ်။
ဒါအပြင် တိုက်ပွဲအကြားမှာ စစ်ဘေးရှောင် ပြည်သူတွေရဲ့ နေအိမ်တွေလည်း ဖောက်ထွင်းခံရပြီး အိမ်ရှိ ပစ္စည်းတွေ ခိုးယူခံနေရသလို အိမ်မှာတပ်ဆင်ထားတဲ့ တံခါးတွေကိုတောင် ဖြုတ်ယူ ခိုးတဲ့အထိ ရှိနေတယ်လို့ သိရပါတယ်။
" သူခိုးတွေကတော့ ခိုးတာမြင်ရင်တောင် မပြောရဲကြဘူး ။ အုပ်စုလိုက် ကားတွေနဲ့ကို ခိုးကြတာ။ မြို့ထဲလည်းကျန်သူတွေရှိတယ်။ အဲဒီလူတွေက စစ်မရှောင် ကြတော့ဘူး ။ အများစုကတော့ ရှောင်ပါတယ်။တိုက်ပွဲက ဖြစ်နေတုန်း ဆိုတော့ ပြန်လို့လည်း မရဘူး ။ " လို့ မန္တလေးမှာ စစ်ရှောင်နေတဲ့ ဗန်းမော် ဒေသခံက ပြောပါတယ်။
လက်ရှိမှာ ဗန်းမော်မြို့ကနေ စစ်ဘေးရှောင်သွား သူ အများစုဟာ မန္တလေး နဲ့ ပြင်ဦးလွင်မှာ ရောက်ရှိနေကြပြီး အကူအညီ အထောက်အပံ့တွေ လိုအပ်နေ တယ်လို့ သိရပါတယ်။
ဗန်းမော်မြို့မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်မှစပြီး အစိုးရတပ်နဲ့ KIA အကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ တာဖြစ်ကြောင်း ၊ အခုဆိုရင် တနှစ်ကျော်အထိ ကြာမြင့်မှု ရှိလာနေပြီ ဖြစ်ပါတယ် ။
အဆိုပါ တိုက်ပွဲကာလအတွင်းမှာ အစိုးရတပ်က ဗန်းမော်မြို့ရှိ နယ်မြေခံတပ် ဌာနချုပ်လေးခု၊ တပ်စခန်းတခုနဲ့ လေဆိပ် ၊နောင်ခိုရပ်ကွက် ၊မင်းလှရပ်ကွက်၊ ပင်စင်ကုန်းရပ်ကွက် ၊ ညောင်ပင်ရပ်ကွက်၊ ခွန်သာရပ်ကွက်၊ ပင်စည်ရပ်ကွက် ၊နမ့်ဖားကျေးရွာစခန်း တွေကို စက်တင်ဘာလမှာ ပြန်လည်ထိန်းချုပ် နိုင်ခဲ့တယ်လို့ သတင်းထုတ် ပြန်မှုအရ သိရ ပါတယ်။