3 ရက် - ဘာသာပြန်ပါ။

ပြည်ပလုပ်သား ၁ ဒဿမ ၂၃ သန်း ဂျပန်အစိုးရ ခေါ်ယူဦးမယ်

ဂျပန်အစိုးရဟာ ပြည်ပလုပ်သား ၁ ဒဿမ ၂၃ သန်းကျော်ကို ကျွမ်းကျင်လုပ်သားတွေနဲ့ သင်တန်းသားသစ် စနစ်နှစ်ခုအောက်မှာ လက်ခံသွားဖို့ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

၂၀၂၉ ခုနှစ် မတ်လကုန်အထိ သတ်မှတ်အလုပ်သားအရေအတွက်ကို လက်ခံမယ့် အစီအစဉ်ကို ကျွမ်းကျင်သူအဖွဲ့ထံ တင်ပြခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိစနစ်အရ သတ်မှတ်ထားတဲ့ ကျွမ်းကျင်လုပ်သားတွေအတွက် ကဏ္ဍ ၁၉ ခုမှာ လူ ရှစ်သိန်းကျော်ကို လက်ခံမယ်လို့ ပြောပါတယ်။

စက်မှုလုပ်ငန်းအလိုက် လူတသိန်းကိုးသောင်းကျော်ကို စက်မှုထုတ်ကုန်တွေ ထုတ်လုပ်ရာမှာလည်းကောင်း၊ တသိန်းသုံးသောင်းကျော်ကို အစားအသောက်နဲ့ အဖျော်ယမကာထုတ်ကုန်တွေ ထုတ်လုပ်ရာမှာလည်းကောင်း၊ တသိန်းနှစ်သောင်းကျော်ကို သူနာပြုစောင့်ရှောက်မှု လုပ်ငန်းတွေအတွက် ခေါ်ယူမှာလို့ အစီအစဉ်မှာ ဖော်ပြထားပါတယ်။

၂၀၂၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ စတင်မယ့် အခြားစနစ်တခုမှာတော့ မူအရ သုံးနှစ်အတွင်း သတ်မှတ်ထားတဲ့ ကျွမ်းကျင်ဝန်ထမ်းအဆင့်ကို ရောက်ရှိစေဖို့ ပြည်ပလုပ်သားတွေကို လေ့ကျင့်ပေးဖို့ ရည်ရွယ်ထားပါတယ်။

ဒီစနစ်အောက်မှာတော့ ကဏ္ဍ ၁၇ ခုအတွက် စုစုပေါင်း ပြည်ပလုပ်သား လေးသိန်းနှစ်သောင်းကျော်ကို လက်ခံမှာဖြစ်ပါတယ်။ လုပ်ငန်းအလိုက် တသိန်းနှစ်သောင်းကျော်ကို ဆောက်လုပ်ရေးလုပ်ငန်း၊ တသိန်းတသောင်းကျော်ကို စက်မှုထုတ်လုပ်ရေးလုပ်ငန်း၊ ခြောက်သောင်းကျော်ကိုတော့ အစားအသောက်နဲ့ အဖျော်ယမကာထုတ်လုပ်ရေးလုပ်ငန်းမှာ ခန့်အပ်ဖို့ရှိနေပါတယ်။

ဒါဟာ ဂျပန်မှာ မျှော်မှန်းထားတဲ့ ထုတ်လုပ်မှုတိုးတက်လာတာနဲ့အတူ အလုပ်ခန့်အပ်နိုင်တဲ့ အမြင့်ဆုံး လုပ်သားအင်အားဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအစီအစဉ်ကို ဇန်နဝါရီလမှာ ဆွေးနွေးပြီးနောက် အစိုးရအဖွဲ့က အတည်ပြုဖို့ စီစဉ်ထားပါတယ်။

image