အင်အားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အမျိုးသားပြတိုက် (နေပြည်တော်)၊ အမျိုးသားစာကြည့်တိုက် (နေပြည်တော်) နှင့် မန္တလေးနန်းမြို့ရိုးတို့ကို ပြန်လည်ပြုပြင်နေ
အင်အားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အမျိုးသားပြတိုက် (နေပြည်တော်)၊ အမျိုးသားစာကြည့်တိုက် (နေပြည်တော်) နှင့် မန္တလေးနန်းမြို့ရိုးတို့ကို ပြန်လည်ပြုပြင်နေကြောင်း သိရသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး (ယဉ်ကျေးမှု) ဒေါ်နုမြဇံသည် ဒီဇင်ဘာ ၂၁ ရက်က မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အမျိုးသားပြတိုက် (နေပြည်တော်) အား ACM Co.,Ltd မှ ပြုပြင်ထိန်းသိမ်းနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
အမျိုးသားပြတိုက် (နေပြည်တော်) ရှိ ပရိုင်းမိတ်နှင့် ကျောက်ဖြစ်ရုပ်ကြွင်းပြခန်း၊ သမိုင်းမတင်မီခေတ် (ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်) ပြခန်း၊ မြန်မာ့ပန်းချီပြခန်း၊ မြန်မာ့အနု သုခုမပြခန်း၊ သမိုင်းတင်ခေတ်ဦးပြခန်း၊ သီဟာသနပလ္လင်ပြခန်း၊ မြန်မာ့လက်မှုအနုပညာပြခန်းနှင့် အာဆီယံပြခန်းတို့ ပြုပြင်ထိန်းသိမ်းနေမှုများကို စစ်ဆေးပြီး ဒုတိယဝန်ကြီးက ပြခန်းများ ပြန်လည်ပြုပြင်ထိန်းသိမ်းရာတွင် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန်၊ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန်၊ ပြခန်းများ ပြုပြင်ပြီးစီးပါက ပြတိုက်ဝန်ထမ်းများမှ ပြခန်းများ ပြန်လည်ခင်းကျင်းနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားကြရန် ပြောကြားသည်။