ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဒီဇင်ဘာလအတွင်းက သွေးပြန်ရေကျိတ်ကင်ဆာ လူနာ (၂) ဦးအား ခြင်ဆီအစားထိုးကုသခြင်း (Bone marrow Transplant) ကို အောင်မြင်စွာ ဆောင်ရွက်ခဲ့
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဒီဇင်ဘာလအတွင်းက သွေးပြန်ရေကျိတ်ကင်ဆာ လူနာ (၂) ဦးအား ခြင်ဆီအစားထိုးကုသခြင်း (Bone marrow Transplant) ကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ပံ့ပိုးမှုများဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ နိုင်ငံတကာအဆင့်မှီ ခုနှစ်ထပ်ဆောင်သစ်၊ သွေးရောဂါ အထူးကုဌာန၊ ခြင်ဆီအစားထိုးဌာန (Bone marrow Transplant Center) တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း၌ သွေးပြန်ရေကျိတ်ကင်ဆာ လူနာ (၂) ဦး အား ခြင်ဆီအစားထိုးကုသခြင်း (Bone marrow Transplant) ကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ရာ ကျန်းမာရေး ကောင်းမွန်သဖြင့် ယနေ့တွင် ဆေးရုံဆင်းခွင့် ရရှိပြီး ဖြစ်သည်။
လူနာ (၂) ဦးမှာ ရန်ကုန်တိုင်းဒေသကြီး ကြည်မြင်တိုင်မြို့နယ်မှ ၅၄ နှစ်အရွယ် အမျိုးသား တစ်ဦး နှင့် လမ်းမတော်မြို့နယ်နေ ၅၈ နှစ်အရွယ် အမျိုးသမီး တို့ဖြစ်ပြီး အဆိုပါ ခြင်ဆီအစားထိုးကုသခြင်း (Bone marrow Transplant) ကို ဆေးရုံအုပ်ချုပ်မှုအဖွဲ့၊ သွေးရောဂါအထူးကုဌာနမှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ၊ ဆက်စပ်ဌာနများမှ ဘာသာရပ် ဆိုင်ရာ ကျွမ်းကျင်ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ၊ ကျွမ်းကျင်သူနာပြုကြီး/သူနာပြုများ၊ အထောက်အကူပြု ဝန်ထမ်းများ အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ ကြခြင်းဖြစ်သည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ခြင်ဆီအစားထိုးကုသခြင်း ကို ၂၀၁၆ ခုနှစ်တွင် (၃) ဦး၊ ၂၀၁၇ ခုနှစ်တွင် (၃) ဦး၊ ၂၀၁၈ ခုနှစ်တွင် (၄) ဦး၊ ၂၀၁၉ ခုနှစ်တွင် (၁) ဦး၊ ၂၀၂၀ ခုနှစ်တွင် (၁) ဦး၊ ၂၀၂၄ ခုနှစ်တွင် (၃) ဦး၊ ၂၀၂၅ ခုနှစ် ယခုအချိန်ထိ (၁၀) ဦး စုစုပေါင်း (၂၅) ဦးအား ဆောင်ရွက်နိုင်ခဲ့ပြီး ပြည်သူများကျန်းမာရေးကုန်ကျစရိတ် သက်သာစေရေးအတွက် ပြည်တွင်းမှာပင် ခြင်ဆီအစားထိုး ကုသခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။