မြန်မာ-တရုတ်သံတမန်ဆက်ဆံရေး (၇၅)နှစ်ပြည့်အထိမ်းအမှတ် ဂန္ထဝင်ကဗျာများ ရွတ်ဆိုပွဲပြုလုပ်မည်
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ကွမ်ရှီးအသံနှင့်ရုပ်မြင်သံကြားဌာနတို့ ပူးပေါင်းပြီး မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး (၇၅)နှစ်ပြည့်အထိမ်းအမှတ် “ကဗျာနှလုံးသားတူယှဉ်သွား တရုတ်-မြန်မာ ဂန္ထဝင်ကဗျာများ” ရွတ်ဆိုပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(ရန်ကုန်) Studio-A ၌ ယနေ့ ဒီဇင်ဘာလ ၂၄ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ဂန္ထဝင်ကဗျာများ ရွတ်ဆိုပြိုင်ပွဲအတွက် တရုတ်နိုင်ငံ ကွမ်ရှီးအသံနှင့်ရုပ်မြင်သံကြားဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် Ms.Zhengkui ဦးဆောင်သည့် အဖွဲ့ဝင်ခုနှစ်ဦးသည် ဒီဇင်ဘာလ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
တရုတ်-မြန်မာ ဂန္ထဝင်ကဗျာများ ရွတ်ဆိုပွဲတွင် မြန်မာကဗျာ နှစ်ပုဒ်၊ တရုတ်ကဗျာ နှစ်ပုဒ်၊ တရုတ်-မြန်မာ နှစ်ဘာသာဖြင့် ရေးစပ်ထားတဲ့ ရွတ်ဆိုမည့် ဂန္ထဝင်ကဗျာတစ်ပုဒ်တို့ ပါဝင်မည်ဖြစ်ပြီး အဆိုပါကဗျာရွတ်ဆိုပွဲမှတစ်ဆင့် တရုတ်-မြန်မာနှစ်နိုင်ငံ ပြည်သူများ၏ ယဉ်ကျေးမှုများ အပြန်အလှန်ဖလှယ်နိုင်မည်ဖြစ်သည်။
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ကွမ်ရှီးအသံနှင့်ရုပ်မြင်သံကြားဌာန(GXRTV)တို့သည် ၂၀၁၇ ခုနှစ်မှ စတင်၍ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ တရုတ်ရုပ်သံစီးရီးနှင့် တရုတ်ကာတွန်းကားများအား မြန်မာဘာသာသို့ ပြန်ဆို ပြသလျက်ရှိသကဲ့သို့ နှစ်ဖက်ပူးပေါင်းထုတ်လုပ်မှုများ ဆောင်ရွက်လျက်ရှိရာ (GXRTV)မှ လာမည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင်လည်း မုတ္တမပင်လယ်ကွေ့တွင် ကျက်စားသည့်ငှက်မျိုးရင်း လေ့လာရေးအစီအစဉ်အား ပူးတွဲရိုက်ကူး ထုတ်လုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။