နောက်ဆုံးမိနစ်တွင် အီဂျစ်အတွက် အနိုင်ဂိုးသွင်းကာ လီဗာပူးပြဿနာကို အတိတ်မှာ ချန်ထားခဲ့တဲ့ မိုဟာမက်ဆာလက်
=====================

လီဗာပူးစူပါစတားမိုဟာမက်ဆာလက်ဟာ အာဖရိကဖလားပြိုင်ပွဲ အဖွင့်ပွဲတွင် အီဂျစ်အတွက် နောက်ကျ အနိုင်ဂိုးသွင်းယူပြီး အန်ဖီးလ်တွင် ပြဿနာကြုံလာခဲ့ရတဲ့ရက်သတ္တပတ်များကို ပြည်ဖုံးကားချလိုက်နိုင်ပါတယ်။

အသက် ၃၃ နှစ်ရှိ မိုဟာမက်ဆာလက်ဟာ လိဒ်နှင့် ၃ ဂိုးစီသရေကျတဲ့ပွဲတွင် ၃ ပွဲဆက် အရန်ခုံတွင် ထိုင်နေခဲ့ရပြီးနောက် အသင်းရဲ့ ရလဒ်ဆိုးရွားမှုများအတွက် သူ့အပေါ် အပြစ်ပုံချရန် ကြိုးပမ်းနေပြီး နည်းပြအန်းဆလော့နှင့်လည်း ဆက်ဆံရေး မရှိတော့ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် မိုဟာမက်ဆာလက်ဟာ ဘရိုက်တန်နှင့်ပွဲစဉ်တွင် လီဗာပူးအတွက် ပြန်လည်ကစားခွင့် ရရှိခဲ့ပြီး လီဗာပူးကစားဖော်များကိုလည်း တောင်းပန်ကာ အာဖရိကပြိုင်ပွဲကစားရန် ထွက်ခွာလာခဲ့ပါတယ်။

သူဟာ မနေ့ညတုန်းက Stade Adrar တွင် ဇမ်ဘာဘွေအား ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲတွင် အီဂျစ်တိုက်စစ်ကို ဦးဆောင်ခဲ့ပါတယ်။

ယင်းပွဲတွင် ဇမ်ဘာဘွေဟာ ပွဲချိန် မိနစ် ၂၀ တွင် ပရင့်စ်ဒူဘီ သွင်းယူတဲ့ ဂိုးဖြင့် ပွဲကို ဦးဆောင်ခဲ့ပြီး အိုမာမာမွတ်ရှ်က ၆၄ မိနစ်တွင် အီဂျစ်အတွက် ချေပဂိုးသွင်းခဲ့ပါတယ်။

ယင်းနောက် အချိန်ပိုတွင် ဆာလက်ဟာ ကစားဖော်မိုစတာဖာမိုဟာမက် ခေါင်းတိုက်ချပေးလိုက်တဲ့ ဘောလုံးကို ရင်ဘတ်နှင့် တချက်ထိန်းပြီးနောက် ဂိုးသမားရဲ့ ဘယ်ထောင့်သို့ ကန်သွင်းကာ အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။

အဖွင့်ပွဲ အနိုင်ရထားတဲ့ အီဂျစ်ဟာ အုပ်စု(ခ) ဒုတိယပွဲစဉ်အဖြစ် Agadir တွင် တောင်အာဖရိကနှင့် ရင်ဆိုင်ကစားရပါမယ်။

image