ဂိုးလွန်ဘောနှင့် လူကျွံဘောအတွက် နည်းပညာသစ် ဖီဖာ စမ်းသပ်နေ
=======================
ဖီဖာဟာ ဂိုးမသွင်းမီ ဘောလုံးမှာ ဂိုးလွန်ဘော ဖြစ်/မဖြစ် ဆုံးဖြတ်ပေးနိုင်မယ့် နည်းပညာသစ်အား စမ်းသပ်မှု ပြုလုပ်နေပါတယ်။
ဖီဖာဟာ ယခုလ ကာတွင် ကျင်းပခဲ့တဲ့ Intercontinental Cup ပွဲ ၃ ပွဲတွင် 'Out of Bounds' နည်းပညာအပါအဝင် အခြားနည်းပညာသစ်များကို စမ်းသပ် အသုံးပြုမှုများပြုလုပ်ခဲ့ပါတယ်။
ဖီဖာဟာ လူကျွံဘောအား လျှင်မြန် ရှင်းလင်းစွာ စစ်ဆေးနိုင်မယ့် အဆင့်မြှင့်ထားတဲ့ 'Real-time 3D Recreation' နည်းပညာကိုလည်း စမ်းသပ်ခဲ့ပါတယ်။
ဒါအပြင် ယင်းနည်းပညာဖြင့် စစ်ဆေးမှုအား VAR သာမက ရုပ်သံမှ ကြည့်ရှုသူများပါ တပြိုင်တည်း ကြည့်နိုင်မယ့် စနစ်ကိုလည်း အသုံးပြုထားပါသေးတယ်။
ဖီဖာဟာ နည်းပညာသစ်များကို Hawk-Eye Innovations နည်းပညာကုမ္ပဏီနှင့် ပူးပေါင်း စမ်းသပ်မှုများပြုလုပ်နေတာ ဖြစ်ပြီး ပြည်တွင်းလိဂ်များတွင် အသုံးပြုနိုင်တဲ့ အဆင့်မျိုးသို့ ရောက်နေပြီလားဆိုတာကိုတော့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ရာသီမျာတွင် ပရီးမီးယားလိဂ်တွင် ဂိုးလွန်ဘောမှ ဂိုးသွင်းခဲ့တဲ့ အငြင်းပွားဖွယ် အဖြစ်အပျက်များ ဖြစ်ခဲ့ဖူးပါတယ်။
လွန်ခဲ့တဲ့ နှစ်ရာသီတုန်းက နယူးကာဆယ်ဟာ ဂျိုးဝဲလ်လော့ခ်ရဲ့ ဂိုးစည်းကျော်သွားပြီးမှ ပေးပို့တဲ့ ဘောလုံးမှ တဆင့် အန်တိုနီဂေါ်ဒွန်က ဂိုးသွင်းခဲ့လို့ အာဆင်နယ်တို့ အကြီးအကျယ် ဒေါသထွက်ခဲ့ရပါတယ်။ လက်ရှိ အသုံးပြနေတဲ့ VAR စနစ်တွင် ဂိုးလွန်ဘော ဖြစ်မဖြစ်အား စစ်ဆေးနိုင်ခြင်း မရှိပါဘူး။
ဒါ့အပြင် ပြီးခဲ့တဲ့လတုန်းက လန်ဒန်ဒါဘီပွဲတွင် ထရိုဆတ်က စပါးစ်ဂိုးသမားဗီကာရီယိုအား ကွယ်ထားတဲ့ အခြေအနေမျိုးမှ အီဘီရီချီအီဇီးက ဂိုးသွင်းခဲ့တဲ့ အငြင်းပွားဖွယ် ဖြစ်ရပ်ဖြစ်ခဲ့ပါသေးတယ်။
ယခု စမ်းသပ် အသုံးပြုနေတဲ့ 'Out of Bounds' က ကစားသမားများရဲ့ တည်နေရာ အချက်အလက်များကို စစ်ဆေးပြီး လူကျွံ မကျွံ အလိုအလျှောက်စစ်ဆေးပေးမှု ပြုလုပ်ပေးလာပါမယ့် နည်းပညာ ဖြစ်ပါတယ်။
ဖီဖာဟာ နွေရာသီတုန်းက ကျင်းပတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်း လူကျွံမှု ဖြစ်ပါက ချက်ချင်းပင် စည်းကြပ်ဒိုင်များကို သတိပေးမှု ပေးပို့တဲ့ နည်းပညာအား စမ်းသပ် အသုံးပြုခဲ့ပါသေးတယ်။