ဂရင်းလန်းဆိုင်ရာ အထူးသံတမန် ဒေါ်နယ်ထရန့်ခန့်အပ်လိုက်ပြီး ဒိန်းမတ်နဲ့ ပိုမိုတင်းမာလာ
ဒေါ်နယ်ထရန့်ဟာ သူသိမ်းပိုက်လိုတယ်လို့ ပြောကြားထားတဲ့ အာတိတ်ဒေသက ဂရင်းလန်းကျွန်းဆိုင်ရာ အထူးသံတမန်တယောက်ကို ခန့်အပ်လိုက်ပြီးနောက် ဒိန်းမတ်နဲ့ အငြင်းပွားမှုတွေ ပိုမိုပြင်းထန်လာပြီး တင်းမာမှုတွေ မြင့်တက်လာပါတယ်။
လူဝီစီယားနားပြည်နယ် ရီပတ်ဘလီကန်အုပ်ချုပ်ရေးမှူး ဂျက်ဖ်လန်ဒရီကို ဒိန်းမတ်နိုင်ငံရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဂရင်းလန်းကျွန်းဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်လိုက်ပြီး အမျိုးသားကာကွယ်မှုအတွက် ဂရင်းလန်းကို လိုအပ်တယ်လို့ ထရန့်က ဆိုပါတယ်။
ဒီလုပ်ရပ်ကြောင်း ဒိန်းမတ်ဟာ အမျက်ဒေါသထွက်နေပြီး ရှင်းလင်းချက်တခုအတွက် အမေရိကန် သံအမတ်ကြီးကို ဆင့်ခေါ်မယ်လို့ ပြောပါတယ်။ ဂရင်းလန်းဝန်ကြီးချုပ်ကလည်း ကျွန်းရဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုကို လေးစားရမယ်လို့ ပြောပါတယ်။
လူဝီစီယားနားပြည်နယ် အုပ်ချုပ်ရေးမှူး ဂျက်ဖ်လန်ဒရီကတော့ ဂရင်းလန်းကို အမေရိကန်ရဲ့ အစိတ်အပိုင်းတခုဖြစ်စေဖို့ သံတမန်အဖြစ် တာဝန်ထမ်းဆောင်ရတာဟာ ဂုဏ်ယူစရာဖြစ်ကြောင်း ပြောပါတယ်။
ဇန်နဝါရီလမှာ ဒုတိယအကြိမ်သမ္မတဖြစ်လာတဲ့ ဒေါ်နယ်ထရန့်ဟာ မဟာဗျူဟာကျသောတည်နေရာနဲ့ အဖိုးတန်သတ္တုကြွယ်ဝမှုတွေရှိနေတဲ့ ဂရင်းလန်းကို သိမ်းပိုက်မယ်လို့ ပြောဆိုခဲ့ပါတယ်။ လိုအပ်ရင် စစ်အင်အားပါ သုံးမယ်လို့ဆိုထားပြီး ဒီရပ်တည်ချက်ဟာ အမေရိကန်ပြည်ထောင်စုနဲ့ အစဉ်အလာအရ ဆက်ဆံရေးကောင်းမွန်တဲ့ နေတိုးမဟာမိတ်နိုင်ငံ ဒိန်းမတ်နိုင်ငံကို အံ့အားသင့်စေခဲ့ပါတယ်။
"ကျွန်တော်တို့ ဒါကို ဖြေရှင်းရပါလိမ့်မယ် ။ ကျွန်တော်တို့ဟာ သတ္တုတွေအတွက်မဟုတ်ဘဲ အမျိုးသားလုံခြုံရေးအတွက် ဂရင်းလန်းကို လိုအပ်ပါတယ်။" လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။
လူဦးရေ ငါးသောင်းခုနှစ်ထောင်ခန့် နေထိုင်သော ဂရင်းလန်းဟာ ၁၉၇၉ ခုနှစ်မှစပြီး ကျယ်ပြန့်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရရှိထားပေမယ့် ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးမူဝါဒဟာ ဒိန်းမတ်လက်ထဲမှာ ရှိနေဆဲဖြစ်ပါတယ်။
ဂရင်းလန်းသား အများစုက ဒိန်းမတ်မှ နောက်ဆုံးမှာ လွတ်လပ်ရေးရယူဖို့ကို ထောက်ခံကြပေမယ့် သဘောထားစစ်တမ်းတွေအရ အမေရိကန်ရဲ့ အစိတ်အပိုင်းတခု ဖြစ်လာဖို့ အလွန်အမင်း ဆန့်ကျင်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။