"Trump-class" စစ်သင်္ဘောတွေ တည်ဆောက်မယ်လို့ ဒေါ်နယ်ထရန့် ပြော
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အမေရိကန်ရေတပ်အတွဲ့ စစ်သင်္ဘောအုပ်စုအသစ်တခု တည်ဆောက်ရန် အစီအစဉ်တွေကို ကြေညာခဲ့ပြီး အင်အားနဲ့ ငြိမ်းချမ်းရေးကို ရယူဖို့လိုအပ်တယ်လို့ ပြောပါတယ်။
ရေတပ်အနေနဲ့ "Trump-class" စစ်သင်္ဘောအသစ်နှစ်စင်း တည်ဆောက်ဖို့ ခွင့်ပြုချက်ပေးခဲ့တယ်လို့ သတင်းထောက်တွေကို ထရန့်က ပြောပါတယ်။ သင်္ဘော ဒီဇိုင်းရေးဆွဲရမှာ သူကိုယ်တိုင်လည်း ပါဝင်သွားမယ်လို့ ဆိုပါတယ်။
သင်္ဘောသစ်တွေမှာ ဒုံးကျည်တွေ၊ စွမ်းအားမြင့်လေဆာစနစ်တွေ၊ နျူကလီးယားထိပ်ဖူးတွေ တပ်ဆင်ထားတဲ့ ခရုဇ်ဒုံးကျည်တွေလိုမျိုး ခေတ်မီလက်နက်တွေ တပ်ဆင်သွားမှာဖြစ်ပြီး တချို့စနစ်တွေကိုတော့ တီထွင်နေဆဲလို့ သမ္မတထရန့်က ပြောပါတယ်။
ဒီရေတပ်အုပ်စုဟာ နျူကလီးယားတားဆီးရေး အဟန့်အတားအသစ်တခု ဖြစ်လာမယ်လို့ ပြောပါတယ်။ သင်္ဘောတွေကို အမေရိကန်ပြည်ထောင်စုမှာ တည်ဆောက်မှာဖြစ်ပြီး နှစ်နှစ်ခွဲခန့် ကြာမြင့်မယ်လို့ဆိုထားပြီး "Golden Fleet" လို့ခေါ်တဲ့ ရေတပ်သင်္ဘောအုပ်စုသစ်မှာ အဆင့်မြင့် စစ်သင်္ဘောသစ် ၂၅ စင်းအထိ ထားရှိမှာဖြစ်ပါတယ်။
အခုလို သင်္ဘောသစ်တည်ဆောက်မယ့် အစီအစဉ်ဟာ သက်တမ်းကြာမြင့်ပြီး စွမ်းဆောင်ရည်ကျဆင်းလာတဲ့ လက်ရှိစစ်သင်္ဘောတွေနေရာမှာ အစာထိုးဖို့ ရည်ရွယ်ထားတယ်လို့ အမေရိကန်သတင်းဌာနတွေက ဖော်ပြထားပါတယ်။
ဒီအစီအစဉ်ဟာ တရုတ်ကို ဆန့်ကျင်တဲ့ လုပ်ရပ်မဟုတ်ကြောင်း ထရန့်က သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားထားပြီး တရုတ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်လို့ သူက ပြောပါတယ်။
ဒါပေမယ့်လည်း အင်ဒိုပစိဖိတ်ဒေသမှာ တရုတ်ရဲ့ စစ်အင်အား တိုးချဲ့လာမှု ၊ ထိုင်ဝမ်အရေးအပြင် ကုန်သွယ်ရေးကိစ္စတွေကြောင့် နှစ်နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်နေခဲ့ပါတယ်။