ဇန်နဝါရီမှာ ကစားသမားသစ်အားဖြည့်မှု ပြုလုပ်ဖွယ်ရှိတယ်လို့ အူနိုင်းအမ်မရီ ပြောကြား
အက်စတွန်ဗီလာအသင်းရဲ့နည်းပြ အူနိုင်းအမ်မရီက ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ ကစားသမားသစ်အားဖြည့်မှု ပြုလုပ်ဖွယ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားသစ်ခေါ်ယူမှုအတွက် ပေါင်သန်း(၃၀)ဝန်းကျင်သာ သုံးစွဲခဲ့ပေမဲ့ လက်ရှိအချိန်မှာ ရလဒ်ကောင်းတွေ ရရှိနေပါတယ်။
ပရီးမီးယားလိဂ်မှာ အာဆင်နယ်၊ မန်စီးတီးတို့ရဲ့နောက် တတိယနေရာမှာ ရပ်တည်နေပြီး ပြိုင်ပွဲစုံ(၁၀)ပွဲဆက်လည်း အနိုင်ရရှိထားပါတယ်။
ဒါကြောင့် ချန်ပီယံဆုဖလားတွေကို စိန်ခေါ်နိုင်တဲ့ အခြေအနေ ရောက်ရှိနေပြီဖြစ်ကြောင်း ချီးကျူးခံနေရပေမဲ့ အူနိုင်းအမ်မရီက တိုးတက်မှုပိုရှိလာဖို့ အားဖြည့်မှုပြုလုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
'' ပြီးခဲ့တဲ့နှစ်တုန်းက ဇန်နဝါရီမှာ မာလန်၊ ရပ်ရှ်ဖို့ဒ်၊ အဆန်စီယိုနဲ့ ဒီဆာဆီတို့ကို ခေါ်ယူခဲ့ပြီး ဒီကစားသမား(၄)ဦးက ကျွန်တော်တို့ကို အကူအညီများစွာ ပေးနိုင်ခဲ့ပါတယ်။ ဒီနှစ် အသင်းတိုးတက်မှုရှိစေဖို့ လိုအပ်တာတွေကို ဂရုတစိုက်နဲ့ လုပ်ဆောင်သွားမှာပါ'' လို့ အူနိုင်းအမ်မရီက ပြောကြားခဲ့ပါတယ်။
အက်စတွန်ဗီလာအသင်း ချိန်ရွယ်နေတဲ့ ကစားသမားတွေထဲမှာ ဘာစီလိုနာအသင်းက ဂျာမန်ဂိုးသမား စတီဂျန်လည်း ပါဝင်ကြောင်း သိရပါတယ်။