ခြေထောက်အောက်ပိုင်း ဒဏ်ရာကြောင့် ကာလအတန်ကြာ နားရဖို့ ရှိနေတဲ့ လီဗာပူးတိုက်စစ်မှူးအီဆက်ခ်
====================

လီဗာပူးတိုက်စစ်မှူးအလက်ဇန္ဒားအီဆက်ခ်ဟာ စနေနေ့တုန်းက စပါးစ်ကို ၂-၁ ဖြင့် အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွင် ခြေထောက်အောက်ပိုင်း ဒဏ်ရာရရှိကာ ကာလအတန်ကြာ အနားယူလာရဖို့ ရှိနေပါတယ်။

ဆွီဒင်တိုက်စစ်မှူးဟာ အရန်ခုံမှ ထလာပြီးနောက် လီဗာပူးအတွက် ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပေမယ့်လည်း မစ်ကီဗန်ဒီဗန်ရဲ့ ဖျက်ထုတ်မှုကြောင့် လူးစားလဲလှယ်ခဲ့ရပါတယ်။

နွေရာသီ အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့တွင် ပေါင် ၁၂၅ သန်းဖြင့် ပြောင်းလာခဲ့တဲ့ အလက်ဇန္ဒားအီဆက်ခ်ဟာ တနင်္ဂနွေနေ့တုန်းက MRI Scans စစ်ဆေးမှု ခံယူကာ ဒဏ်ရာအတိမ်အနက်ကို စစ်ဆေးခဲ့ပါတယ်။

ယင်းစစ်ဆေးမှုများက အလက်ဇန္ဒားအီဆက်ခ် မည်မျှ နားရမည်ကို အဖြေထုတ်ပေးလာမှာလည်း ဖြစ်ပါတယ်။

လတ်တလော ထွက်ပေါ်နေတဲ့ သတင်းအရ အသက် ၂၆ နှစ်ရှိ တိုက်စစ်မှူးအီဆက်ခ်ရဲ့ ဒဏ်ရာမှာ အရွတ်ဒဏ်ရာမဟုတ်ကြောင်း သိရပါတယ်။ ဒါပေမယ့် အီဆက်ခ်မှာ အရိုးအက်ဒဏ်ရာ ရရှိသွားတယ်လို့လည်း ယူဆနေကြပါတယ်။

အီဆက်ခ်ဟာ အန်ဖီးလ်သို့ ရောက်လာပြီးနောက် စပါးစ်နှင့်ပွဲတွင် ပထမဆုံးပရီးမီးယားလိဂ် ဂိုးသွင်းလာနိုင်ခဲ့ခြင်း ဖြစ်ပေမယ့်လည်း လက်ရှိ ဒဏ်ရာအနေအထားအရ ကာလအတန်ကြာ အနားယူလာရဖို့ ရှိနေပါတယ်။

လီဗာပူးနည်းပြအန်းဆလော့ဟာ အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲတွင် အလက်ဇန္ဒားအီဆက်ခ်ရဲ့ ဒဏ်ရာအခြေအနေအား မီဒီယာများကို ပြောကြားလာဖို့ ရှိနေပါတယ်။

သူဟာ နွေရာသီတုန်းက လီဗာပူးသို့ ပြောင်းခွင့်ရရေးအတွက် နယူးကာဆယ်နှင့် လေ့ကျင့်ခန်းမဆင်းခဲ့မှုနှင့်အတူ လီဗာပူးသို့ ရောက်လာချိန်တွင် ပွဲကစားဖို့ ကြံ့ခိုင်မှုပြည့်ဝရေး အချိန်ပေးခဲ့ရကာ ၁၀ ပွဲတည်းသာ ပွဲထွက်ကစားထားနိုင်ပါတယ်။

လီဗာပူးဟာ မိုဟာမက်ဆာလက်ကို အာဖရိကဖလားပြိုင်ပွဲအတွက် အီဂျစ်သို့ စေလွှတ်ထားရသလို ဂတ်ပိုကိုလည်း ဒဏ်ရာကြောင့် ဆုံးရှုံးထားရပါတယ်။

‌အန်းဆလော့ဟာ လာမယ့် စနေနေ့ ဝုဗ်အား ဧည့်ခံကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွင်လည်း ဟူဂိုအီကီတီကီကိုပင် ပွဲထွက် တိုက်စစ်မှူးအဖြစ် အားကိုး အသုံးပြုလာဖို့ သေချာနေပါတယ်။

image