ဗီလာကို ရှုံးနိမ့်ပြီးနောက် ယူနိုက်တက်ရဲ့ ကျိန်စာသင့် ကစားသမားအဖြစ် သတ်မှတ်ခြင်းခံလာရတဲ့ မန်နူရယ်အူဂတ်တီ
========================
မန်နူရယ်အူဂတ်တီဟာ ယူနိုက်တက်ရဲ့ ဗီလာရှုံးပွဲအပြီးမှာတော့ ကျိန်စာသင့်ကစားသမားအဖြစ် သတ်မှတ်ခြင်းခံလာရပါတယ်။
ယူနိုက်တက်ဟာ တနင်္ဂနွေနေ့တုန်းက ဗီလာပါ့ခ်တွင် အိမ်ရှင် အက်စတွန်ဗီလာကို ၂-၁ ဖြင့် ရှုံးနိမ့်ပြီးနောက် အမှတ်ပေးဇယားအဆင့် ၇ နေရာတွင် ရပ်တည်လာရပါတယ်။
မနေ့ညကပွဲစဉ်တွင် ယူနိုက်တက်ဟာ ပွဲချိန်အများစုကို ကောင်းမွန်စွာ ကစားနိုင်တဲ့အပြင် အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပေမယ့်လည်း မော်ဂန်ရိုဂျာရဲ့ လှပတဲ့ အဆုံးသတ်ဂိုး ၂ ဂိုးကြောင့် ၂-၁ ဖြင့် အရေးနိမ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ဗီလာရှုံးပွဲကြောင့် ယူနိုက်တက်စတားအူဂတ်တီကတော့ ကျိန်စာသင့်ကစားသမားအဖြစ် သတ်မှတ်ခြင်းခံလာရပါတယ်။
မန်နူရယ်အူဂတ်တီဟာ ယူနိုက်တက်အတွက် နောက်ဆုံး ၉ ပွဲ ပွဲထွက်ကစားထားရာမှာ တစ်ပွဲမျှ အနိုင်ရထားခြင်း မရှိမှုနှင့်အတူ ကျိန်စာသင့်ကစားသမားအဖြစ် သတ်မှတ်ခြင်းခံလာရတာလည်း ဖြစ်ပါတယ်။
အူဂတ်တီ ပွဲထွက်ကစားတဲ့ ယူနိုက်တက်ရဲ့ နောက်ဆုံး ၉ ပွဲတွင် ၁ ပွဲသာ သရေကျပြီး ၈ ပွဲအထိ ရှုံးနိမ့်ထားပါတယ်။
ဒီမှတ်တမ်းကြောင့် အူဂတ်တီဟာ ဘရာဇီးစတားဟောင်းကလီဘာဆင်အပြီး ယူနိုက်တက်သမိုင်းတွင် ပွဲထွက်ကစားပြီး နိုင်ပွဲပျောက်မှု အများဆုံး ဒုတိယကစားသမားဖြစ်လာပါတယ်။
ကလီဘာဆင်ဟာ ၂၀၀၄ ခုနှစ် ဇန်နဝါရီလမှ ၂၀၀၅ ခုနှစ်မေလအတွင်း ပွဲထွက်ကစားတိုင်း နိုင်ပွဲမရှိတဲ့ ကစားသမားအဖြစ် ကာလရှည်နိုင်ပွဲပျောက်ကစားသမားမှတ်တမ်းဆိုးကို ပိုင်ဆိုင်ထားတာပါ။
ဒါပေမယ့် ကလီဘာဆင်က ယင်းကာလအတွင်း ၁၀ ပွဲထွက်ကစားရာမှာ ၇ ပွဲသရေ၊ ၃ ပွဲရှုံးရလဒ်ကြောင့် အူဂတ်တီထက် ရလဒ်ပိုကောင်းတယ်လို့ ဆိုရပါတယ်။
တဖက်တွင် ယူနိုက်တက်ဟာ အူဂတ်တီ ကျိန်စာဆိုးကို ပိုမို ကြုံလာရဖို့ ရှိနေပါတယ်။ ယူနိုက်တက်ဟာ အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ် ဒဏ်ရာရရှိသွားခဲ့တာကြောင့် လာမယ့် နယူးကာဆယ်နှင့် ဘောက်ဆင်ဒေးပွဲစဉ်တွင် အူဂတ်တီကိုပင် ပွဲထွက်ကစားသမားအဖြစ် အသုံးပြုလာရဦးမှာ ဖြစ်ပါတယ်။
အူဂတ်တီဟာ စပို့တင်းလစ္စဘွန်းမှာတုန်းက ရူဘင်အမိုရမ်လက်အောက်တွင် အကောင်းဆုံးကစားသမားတစ်ဦးဖြစ်ခဲ့ပေမယ့်လည်း အိုးထရက်ဖို့ဒ်မှာ ပြန်လည်လက်တွဲလာချိန်မှာ ယုံကြည်မှု ပျောက်ဆုံးခြင်းခံနေရသူ ဖြစ်ပါတယ်။