မင်းဘူးမြို့ရှိ ခရိုင်ဘောလုံးအားကစားကွင်း၊ အထွေထွေရောဂါကုဆေးရုံကြီးနှင့် မကွေး-မင်းဘူးလမ်းအဆင့်မြှင့်တင်နေမှုတို့ကို နိုင်ငံတော်ယာယီသမ္မတကြည့်ရှုစစ်ဆေး
လမ်းနယ်များ၌ကျူးကျော်မြေအသုံးချမှုများကိုလမ်းမကြီးများဥပဒေနှင့် အညီဆောင်ရွက်ရန်မှာကြား
မကွေးတိုင်း၊ မင်းဘူးမြို့တွင်ရောက်ရှိနေသည့် နိုင်ငံ တော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် ယနေ့ ဒီဇင်ဘာ ၂၀ ရက်က မင်းဘူးမြို့ရှိ ခရိုင်ဘောလုံးအားကစားကွင်း၊ အထွေထွေရောဂါကုဆေးရုံကြီးနှင့် မကွေး-မင်းဘူးလမ်းအဆင့်မြှင့်တင်နေမှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော် ယာယီသမ္မတမှ ခရိုင်ဘောလုံးအားကစားကွင်းအဆင့်မြှင့်တင်နေမှုကိုကြည့်ရှုစစ်ဆေးပြီး အားကစားပွဲများကျင်းပချိန်တွင် အားကစားဝါသနာရှင်များ အဆင်ပြေစွာကြည့်ရှုနိုင်ရန် ပွဲကြည့်စဉ်တည်ဆောက်ပေးနိုင်ရေးဆက်လက်ဆောင်ရွက်ရန်၊ ရေနုတ်မြောင်း ဆောက်လုပ်ရာတွင် ရေများစနစ်တကျစွန့်ထုတ်နိုင်ရန် မြေအနိမ့်အမြင့်အား တွက်ချက်ဆောင်ရွက်ရန်၊ ပြေးလမ်းစနစ်တကျတည်ဆောက်ရန်မှာကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် အထွေထွေရောဂါကုဆေးရုံကြီး၌ သွားနှင့်ခံ တွင်းကုသမှုဌာန၊ ဓာတ်ခွဲခန်းနှင့် ဇီဝဓာတ်ခွဲခန်းတို့၌ ပြည်သူများအား ဆေးကုသပေးနေမှုနှင့် ကျန်းမာရေးဝန်ဆောင်မှုပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီးမှာကြားမှုများပြုလုပ်ပြီးနောက် အထွေထွေရောဂါကုဆေးရုံကြီးအတွက်အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့အတူ နိုင်ငံတော် ယာယီသမ္မတနှင့် ဇနီးတို့သည် မင်းဘူးမြို့ ရှုခင်းသာနေရာမှတစ်ဆင့် မကွေး-မင်းဘူး လမ်းအဆင့်မြှင့်တင်နေမှုကိုကြည့်ရှုပြီး လမ်းနယ်များနှင့်ပတ်သက်၍ သတ်မှတ်ထားသည့်အတိုင်း စနစ်တကျဖြစ်ရန်လိုပြီး အချို့လမ်းနယ်များ၌ကျူးကျော်မြေအသုံးချမှုများရှိနေသဖြင့် လမ်းမကြီးများဥပဒေနှင့် အညီဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် လမ်းများအဆင့်မြှင့်တင်ရာ၌ လမ်းကြောင်း တစ်လျှောက် စနစ်တကျဖြစ်စေရေးနှင့် သတ်မှတ်ချက်များပြည့်မီစေရေး စနစ်တကျတွက်ချက်ဆောင်ရွက်ရန်လည်းမှာကြားခဲ့ကြောင်း သိရသည်။