ဆီးဂိမ်းရွက်လှေပြိုင်ပွဲတွင် ထိုင်းမိဖုရား ရွှေတံဆိပ်ဆုဆွတ်ခူး
ထိုင်းမိဖုရားသည် သူ၏နိုင်ငံတွင် ကျင်းပနေသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ရွက်လှေပြိုင်ပွဲတွင် ဒီဇင်ဘာ ၁၈ ရက်နေ့က ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့သည်။
မိဖုရား စုထီတာသည် ၁၄ မီတာရှည်လျားသော SSL47 အမျိုးအစားရွက်လှေပြိုင်ပွဲတွင် အသင်းဖော် ၉ ဦးနှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
အသက် ၄၇ နှစ်အရွယ် မိဖုရားသည် နည်းစနစ်မှူးနှင့် ပဲ့ကိုင်အဖြစ် တာဝန်ယူခဲ့ပြီး မလေးရှားနှင့် မြန်မာရွက်လှေအသင်းများကို ကျော်ဖြတ်ကာ အနိုင်ရခဲ့သည်။
၂၀၁၉ ခုနှစ်တွင် သူလက်ထပ်ခဲ့သော ခင်ပွန်းသည် ထိုင်းဘုရင်မင်းမြတ် ဝဇီရာလောင်ကွန်းက ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် သူ့ကို ရွှေတံဆိပ် ချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်သွယ်ရေးဘွဲ့ရ မိဖုရားစုသီတာသည် ထိုင်းလေကြောင်းလိုင်းတွင် လေယာဉ်မယ်အဖြစ်လုပ်ကိုင်ခဲ့ပြီးနောက် စစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။
အားကစားကို လိုက်စားသော မိဖုရားသည် ယခုလအတွင်းက မြို့တော်ဘန်ကောက်၌ ကျင်းပခဲ့သည့် မာရသွန်ဝက်ပြေးပွဲတွင် ကင်ညာနိုင်ငံ၏ အပြေးသမား Eliud Kipchoge နှင့်အတူ ပါဝင်ဆင်နွှဲခဲ့ပြီး ၂ နာရီ ၁၃ မိနစ် ၄၀ စက္ကန့်ဖြင့် ပန်းဝင်ခဲ့သည်။
ဒီဇင်ဘာလ ၉ ရက်က ကျင်းပခဲ့သည့် ဆီးဂိမ်းဖွင့်ပွဲအခမ်းအနားတွင် မိဖုရားသည် ထိုင်းအားကစားအဖွဲ့ကို ဦးဆောင်ခဲ့သည်။
သူသည် ရွက်လှေပြိုင်ပွဲတွင် ပထမဆုံးဆုတံဆိပ်ရရှိခဲ့သည့် ထိုင်းတော်ဝင်မိသားစုဝင်မဟုတ်ပေ။
လက်ရှိထိုင်းဘုရင်မင်းမြတ် ဝဇီရာလောင်ကွန်း၏ ဖခမည်းတော် ဘုရင်ကြီး ဘူမိဘော အဒူလျာဒက်သည် ၁၉၆၇ ခုနှစ်က ထိုင်းနိုင်ငံတွင်ပင် ကျင်းပပြုလုပ်ခဲ့သော စတုတ္ထအကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ရွက်လှေပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသည်။
ထိုပြိုင်ပွဲတွင် ဘူမိဘော ဘုရင်မင်းမြတ်သည် သူကိုယ်တိုင်တည်ဆောက်ထားသည့် ရွက်လှေဖြင့် OK အတန်းအစားတွင် အကြီးဆုံးသမီးတော် Ubolratana Rajakanya နှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်ဆု ရရှိခဲ့သည်ဟု ဆီးဂိမ်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။