ဆောင်းခိုငှက်များကို ဖမ်းဆီးရောင်းချမှုများအား ကြပ်မတ်ရန်လိုအပ်နေ
ဆောင်းခိုငှက်များအား တရားမဝင်ဖမ်းဆီးရောင်းချနေမှုများကို ကြပ်မတ်ရန်လိုအပ်နေကြောင်း သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူများက ဆိုသည်။
လက်ရှိကာလမှာ မြန်မာနိုင်ငံသို့ ဆောင်းခိုငှက်များဝင်ရောက်သည့် ကာလဖြစ်သည့်အတွက် ဆောင်းခိုငှက်များကို ဖမ်းဆီးသ-တ်ဖြတ်ရောင်းချမှုများ မရှိစေရေးအတွက် စနစ်တကျ ကြပ်မတ်သင့်ကြောင်း သဘာဝပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားသူများက ထောက်ပြပြောဆိုကြခြင်းဖြစ်သည်။
"ဒီကာလမှာ အားလုံးက အခက်အခဲကိုယ်စီရှိနေကြတော့ ငှက်တွေကို ဖမ်းပြီးစျေးမှာရောင်းနေတာမျိုးတွေကို ပိုပြီးတွေ့လာရတယ်။ သူတို့အတွက် ဝမ်းရေးဖြေရှင်းနည်းတစ်မျိုးဖြစ်နေတော့ သူတို့ကိုလည်း အပြစ်ပြောဖို့ခက်တယ်။ ဒါပေမယ့် ဒီဆောင်းခိုငှက်မျိုးစိတ်တွေထဲမှာ ကမ္ဘာ့ရှားပါးငှက်မျိုးစိတ်တွေလည်းပါနေတော့ ဒါတွေကျတော့ ထိန်းသိမ်းဖို့လိုအပ်တာပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကာလတွေမှာ ငှက်တွေက ပုံမှန်ထက်ပိုများတယ်ဆိုပြီး မဖမ်းကြဖို့အတွက် ကြပ်မတ်ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့" ဟု သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးကထောက်ပြ ပြောဆိုသည်။
ဆောင်းခိုငှက်များသည် ကမ္ဘာ့မြောက်ခြမ်းတွင် ဥဥ၊ သားပေါက်ကြပြီး ဆောင်းရာသီတွင် ၎င်းတို့နေထိုင်ရာနေရာများသည် ရေခဲများ ဖုံးလွှမ်းသွားသောအခါ နေထိုင်ရာနေရာ၊ အစာရေစာများ ရှားပါးလာသောကြောင့် ကမ္ဘာ့တောင်ဘက်ခြမ်းရှိနေရာများသို့ လာရောက်ဆောင်းခိုနေထိုင်ကြရခြင်းဖြစ်ပြီး ထိုသို့ ကမ္ဘာ့ရွှေ့ပြောင်းငှက်များသည် နှစ်စဉ်ခရီးမိုင်ထောင်ချီ၍ ပျံသန်းကြရကြောင်း ပညာရှင်များကဆိုသည်။
မြန်မာနိုင်ငံတွင် အရှေ့အာရှ- ဩစတြေးလျပျံသန်းရာလမ်းကြောင်းနှင့် အာရှအလယ်ဗဟို ပျံသန်းရာလမ်းကြောင်းတို့မှ နှစ်စဉ်ဆောင်းခိုငှက် မျိုးစိတ်ပေါင်း (၃၀၀) ကျော်လာရောက် ဆောင်းခိုနေထိုင်ကျက်စားလေ့ရှိပြီး အထူးသဖြင့် မုတ္တမပင်လယ်ကွေ့သို့ နှစ်စဉ်အကောင်ရေ (၃၀၀) ခန့် လာရောက်ဆောင်းခိုကျက်စားလေ့ရှိသည့် ရေညှောင့်နှုတ်ဝိုင်းငှက်သည် ကမ္ဘာပေါ်တွင် အကောင်ရေ (၅၀၀) ခန့်သာကျန်ရှိနေပြီး စနစ်တကျထိန်းသိမ်းမှုများ မဆောင်ရွက်နိုင်ပါက ဆယ်စုနှစ်တစ်ခုအတွင်း မျိုးသုဉ်းမည့်အန္တရာယ်ကို ရင်ဆိုင်နေရသည့် မျိုးစိတ်တစ်ခုလည်းဖြစ်သည်။
ထို့ပြင် ရေညှောင့်နှုတ်ဝိုင်းငှက်သာမက စာဝါကျားငှက်၊ ပို့ချပ်ခေါင်းစိမ်း စသည့်ငှက်မျိုးစိတ်များလည်း မြန်မာနိုင်ငံတွင် လာရောက်ဆောင်းခိုလေ့ရှိကြောင်း သိရသည်။
ကမ္ဘာပေါ်တွင် ငှက်မျိုးစိတ်စုစုပေါင်း (၁၈,၀၀၀) ခန့်ရှိကာ မြန်မာနိုင်ငံတွင် (၁,၁၃၆)မျိုး တွေ့ရှိရကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) ၏ စာရင်းများအရ သိရသည်။