ဆီးဂိမ်းပြိုင်ပွဲကြီး ပြီးဆုံး

ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သော ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း) ပိတ်ပွဲအခမ်းအနားကို စနေနေ့ညက ဘန်ကောက်မြို့ရှိ ရာဇမင်္ဂလာ နိုင်ငံတော်အားကစားကွင်းတွင်း ကျင်းပခဲ့ပြီး အာဆီယံနိုင်ငံများမှ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ပြိုင်ပွဲကြီးကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက် နေ့မှ ၂၀ ရက်နေ့အထိ 12 ရက်တိုင်တိုင် ကျင်းပခဲ့ခြင်းဖြစ်သည်။ ၁၉၅၉ ခုနှစ်တွင် စတင်ကျင်းပခဲ့သည့် ဒေသတွင်းအားကစားပြိုင်ပွဲ၏ ၃၃ ကြိမ်မြောက်ပြိုင်ပွဲကို ဘန်ကောက်နှင့် ချွန်ဘူရီတို့တွင် လက်ခံကျင်းပခဲ့သည်။
အိုလံပစ်အားကစား ပြိုင်ပွဲ အမျိုးအစားများမှ အစပြု၍ ဒေသတွင်း၏ ရိုးရာအားကစား အမျိုးအစားများအထိ တိုင်ပါဝင်သော အားကစား အမျိုးအစားပေါင်း ၅၀ တွင် စုစုပေါင်း အားကစားသမား ၁၃,၆၅၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အိမ်ရှင်ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ မြန်မာ၊ ဗီယက်နမ်၊ လာအို၊ ဘရူနိုင်း၊ အရှေ့တီမောနိုင်ငံတို့ ပါဝင်ခဲ့သည်။ ကမ္ဘောဒီးယားအားကစားအဖွဲ့သည်မူ ဘေးကင်းလုံခြုံမှုဆိုင်ရာ စိုးရိမ်မှုများကြောင့်ဆိုကာ ဒီဇင်ဘာလ ၁၀ ရက် နေ့တွင် ပြိုင်ပွဲမှ နုတ်ထွက်သွားခဲ့သည်။
အိမ်ရှင်ထိုင်းနိုင်ငံသည် ပြိုင်ပွဲတွင် ရွှေတံဆိပ် ၂၃၃ ခုအပါအဝင် စုစုပေါင်း ဆုတံဆိပ် ၄၉၅ ခုဖြင့် နိုင်ငံအလိုက် ပထမနေရာတွင် ရပ်တည်ခဲ့ပြီး ၎င်း၏နောက်တွင် အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့က ဒုတိယနှင့် တတိယနေရာများတွင် အသီးသီးရပ်တည်ခဲ့သည်။
မြန်မာအားကစားအဖွဲ့သည် ရွှေတံဆိပ် ၃ ခုအပါအဝင် စုစုပေါင်း ဆုတံဆိပ် ၇၃ ခုဖြင့် နိုင်ငံအလိုက် သတ္တမ အဆင့်နေရာတွင် ရပ်တည်ခဲ့ကြောင်း သိရသည်။

image