တနင်္လာ၊အင်္ဂါတွင်ထိုင်းနှင့်ကမ္ဘောဒီးယားတို့အပစ်ရပ်သဘောတူနိုင်--မာကို
ကမ္ဘောဒီးယားနှင့် ထိုင်းတို့သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကြားဝင်စေ့စပ်ပေးခဲ့သော ငြိမ်းချမ်းရေးသဘောတူညီချက်လမ်းကြောင်းကို ယခုသီတင်းပတ်အစောပိုင်းတွင် ပြန်သွားနိုင်စေရန် ဝါရှင်တန်က မျှော်လင့်ကြောင်း သောကြာနေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
သဘောတူညီချက်ကို လိုက်နာရေးအတွက် သက်ဆိုင်သူအားလုံးကို အားပေးတိုက်တွန်းရန် မိမိတို့ က အပြင်းအထန်လုပ်ဆောင်နေပြီး လာမည့်ရက်သတ္တပတ် တနင်္လာနေ့ သို့မဟုတ် အင်္ဂါနေ့တွင် အောင်မြင်မှုရလိမ့်မည်ဟု မိမိတို့ က ယုံကြည်မျှော်လင့်ထားကြောင်း နှစ်ကုန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို မာကို ရူဘီယိုက ပြောကြားခဲ့သည်။
“သူတို့ လက်မှတ်ရေးထိုးခဲ့တဲ့ စာရွက်စာတမ်းတွေမှာ နှစ်ဖက်စလုံးက ကတိကဝတ်တွေ ပြုထားခဲ့ကြပါတယ်” ဟု ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ကွာလာလမ်ပူရ်တွင် ငြိမ်းချမ်းရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို ရည်ညွှန်း၍ ရူဘီယိုက ပြောကြားခဲ့သည်။ နှစ်ဖက်စလုံးသည် တစ်ဖက်ကို တစ်ဖက်အပြစ်တင်နေကြသောကြောင့် ထိုကတိကဝတ်များကို လေးစားလိုက်နာခြင်းမရှိတော့ကြောင်းနှင့် ယင်းအတွက်ကြောင့် ယခုလုပ်ဆောင်ရမည်မှာ ၎င်းတို့ကို စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းသို့ ပြန်ခေါ်ရန်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ကမ္ဘောဒီးယား နိုင်ငံနှင့် ထိုင်းနိုင်ငံ တို့ အကြား နယ်စပ်အငြင်းပွားမှုကို ဆွေးနွေးရန်အတွက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် တနင်္လာနေ့အစောပိုင်းတွင် ကွာလာလမ်ပူရ်၌ အထူးအစည်းအဝေးတစ်ရပ်ကိုကျင်းပရန် စီစဉ်ထားသည်။