ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် Non- Trade Income များရရှိလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာရရှိလာစေမည်

ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၂၁ ရက်နံနက်ပိုင်းက ပဲခူးတိုင်း၊ ပြည်ခရိုင်ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME)စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့သည်။
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှအားပေးဆောင်ရွက်လျက်ရှိကာ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် ပြည်တွင်းလည်ပတ်သုံးစွဲငွေများလာခြင်း၊ Non-Trade Income များရရှိလာခြင်း၊ ထုတ်ကုန်ပစ္စည်းများရောင်းချရခြင်း၊ ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများပိုမိုလည်ပတ်လာစေခြင်းတို့ဖြစ်ပေါ်လာစေမည်ဖြစ်ပြီး ထိုမှတဆင့် ဒေသနှင့် နိုင်ငံတော်၏လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေမည်ဟု ပြောသည်။
ထို့ပြင် ခရီးသွားကဏ္ဍတွင် တည်းခိုရေး၊ သယ်ယူပို့ဆောင်ရေး၊ ဝန်ဆောင်မှု၊ လက်ဆောင်ပစ္စည်းများရောင်းချခြင်းတို့ပါဝင်နေကာ ပြည်တွင်းခရီးသွားလာမှု၌ ဘုရားဖူးခရီးသွားခြင်းသည် အများဆုံးဖြစ်၍ ဒေသအလိုက်ဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာလှပရေး၊ ဝန်ဆောင်မှုကောင်းပေးနိုင်ရေးတို့ကိုဆောင်ရွက်ခြင်းဖြင့် ခရီးသွားများကို ဆွဲဆောင်နိုင်ရန်လိုသည်ဟု ပြောသည်။
" မိမိတို့ဒေသကို လာရောက်သူတွေအနေနဲ့ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာနဲ့ ဒေသရဲ့အထင်ကရနေရာတွေ သာယာလှပမှုတွေကို ခံစားလည်ပတ်နိုင်ဖို့လိုပါတယ်။ ဒါ့ကြောင့် တစ်ဦးချင်း၊ တစ်အိမ်ချင်း သန့်ရှင်းသပ်ရပ်တဲ့ ပတ်ဝန်းကျင်ဖြစ်စေဖို့ဆောင်ရွက်ပြီး ဌာနဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့လည်း သက်ဆိုင်ရာရုံး၊ ဌာနအလိုက် လမ်း၊ တံတား၊ အဆောက်အဦးတွေကို စနစ်တ ကျထိန်းသိမ်းပြီး ဒေသသာယာလှပမှုကို ဖော်ဆောင်ပေးရပါမယ်"ဟု နိုင်ငံတော် ယာယီသမ္မတက ပြော သည်။
ထို့ပြင် မြို့တွင်းရေစီးရေလာများကောင်းမွန်စေရေးအတွက် အမှိုက်များကင်းစင်အောင်ဆောင်ရွက်သကဲ့သို့ ဒေသသာယာလှပရန် မည်သို့ကောင်းမွန်အောင်ဆောင် ရွက်မည်ကို စဉ်းစားတွေးခေါ်ဆောင်ရွက်ရမည်ဖြစ်ကာ ဒေသခံများအနေဖြင့်လည်း စည်းကမ်းစနစ်တကျဖြစ်ရန်၊ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း၊ ဥပဒေများအတိုင်းလိုက်နာနေထိုင်ကြရန်လိုပြီး နိုင်ငံတော်မှချ မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေများကို လိုက်နာမှုမရှိဘဲ ကျော်လွန်လုပ်ဆောင်ခဲ့မှုများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ရာ၌ ကန့်သတ်ချက်များဖြစ်ပေါ်စေလျက်ရှိသည်ဟု နိုင်ငံတော် ယာယီသမ္မတက ပြောကြားခဲ့သည်။

image