သရေခေတ္တရာမြို့ဟောင်း အနောက်တောင်ဘက်ရှိ ဒွတ္တဘောင်မင်းကြီးတည်ထားခဲ့သော ရှေးဟောင်းသမိုင်းဝင် စေတီတော်ကြီးအား နိုင်ငံတော်ယာယီသမ္မတနှင့် ဇနီးတို့ ဖူးမြှော်ကြည်ညို
ရှေးဟောင်းအမွေအနှစ်လက်ရာများ၊ ဘုရား၊ စေတီများ၊ အဆောက်အဦးများသည် တန်ဖိုးဖြတ်မရနိုင်၍ စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရန်မှာကြား
ပဲခူးတိုင်းသို့ရောက်ရှိနေသည့် နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် ယနေ့ ဒီဇင်ဘာ ၂၁ ရက်က သရေခေတ္တရာမြို့ဟောင်း၏ အနောက်တောင်ဘက်ရှိ ဒွတ္တဘောင်မင်း ကြီးတည်ထားခဲ့သော ရှေးဟောင်းသမိုင်းဝင် ဘောဘောကြီးစေတီတော်အားဖူးမြှော်ကြည်ညိုခဲ့ကြသည်။
ထိုသို့ ဖူးမြှော်ကြည်ညိုပြီးနောက် နိုင်ငံတော် ယာယီသမ္မတမှ ရှေးဟောင်းအမွေအနှစ်လက်ရာများ၊ ဘုရား၊ စေတီများ၊ အဆောက်အဦးများသည် တန်ဖိုးဖြတ်၍မရနိုင်သည့်အမွေအနှစ်များဖြစ်ရာ ရေရှည်တည်တံ့ခိုင်မြဲနေစေရေးအတွက် စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရန် မှာကြားသည်။
ထို့ပြင် စေတီတော်ကြီးလုံးပတ်တော်ပေါ်၌ သစ်ပင်ငယ်များပေါက်ရောက်နေခြင်းသည် ရေရှည်တည်တံ့ခိုင်မြဲရေးကိုထိခိုက်စေနိုင်မည်ဖြစ်၍ စဉ်ဆက်မပြတ်ဖယ်ရှားရှင်းလင်းရန်၊ စေတီတော်ပရိဝုဏ်နှင့်အနီးတစ်ဝိုက်မှ ချုံနွယ်များ၊ သစ်ပင်ကြီးများအားအောက်ခြေရှင်းအလင်းဖွင့်ရန်၊ စေတီတော်မြတ်ကြီးရေရှည်တည်တံ့ခိုင်မြဲရေး ထိန်းသိမ်းဆောင်ရွက်ရန်တို့ကိုလည်း မှာ ကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတသည် ပြည်မြို့၊ မှော်ဇာကျေးရွာအုပ်စု၊ သရေခေတ္တရာ ပျူမြို့ဟောင်းရှိ မန္တလေးငလျင်ကြီးကြောင့် ထိခို-က်ပြိုကျပျ-က်စီးခဲ့သော လက်သည်းရေကန်ကျောင်းတိုက်(ခ)သုံးပန်လှကျောင်းဝင်းအတွင်းရှိ နှစ်ထပ်အုတ်တိုက်အား ရှေးမူလက်ရာမပျက် ပြန်လည်ပြုပြင်မွမ်းမံထားရှိမှုအားကြည့်ရှုစစ်ဆေးခဲ့သည်။