ရွှေကုက္ကိုလ်ဒေသမှာ နေထိုင်သူတွေ သားသတ်လွတ်စားဖို့ BGF အမိန့်ထုတ်

ကရင်ပြည်နယ် ၊ ရွှေကုက္ကိုလ် ဒေသမှာ နေထိုင်သူတွေ အားလုံးကို ဒီဇင်ဘာလကုန် ၃၁ ရက်နေ့အထိ အသား ၊ ငါး ရှောင်ပြီး သားသတ်လွတ် ( သက်သတ်လွတ်) စားကြဖို့ BGF က အမိန့်ထုတ် ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၂၀ ရက်နေ့ ကတည်းက စပြီး သားသတ်လွတ် ( သက်သတ်လွတ် )စားဖို့ အသိပေးခဲ့တာ ဖြစ်ကြောင်း ၊သားသတ်လွတ် ( သက်သတ်လွတ်) စားဖို့အသိပေးထားတဲ့ ကာလအတွင်း စျေးတွေမှာလည်း အသား ၊ ငါး ရောင်းချခြင်း မပြုလုပ်ဖို့ သတိပေး ထားတယ်လို့ သိရပါတယ်။
" ဟုတ်တယ်လေ ။သားသတ်လွတ် ( သတ်သက်လွတ်) စား နေရပြီ။ ရွှေကုက္ကိုလ်တမြို့လုံး စားရမှာပါ ။ စျေးတွေမှာ လည်း ရောင်းခွင့် မပေးထားဘူး ။ အရင်ကလည်း ခုလို သားသတ်လွတ် ( သက်သတ်လွတ်) စားဖို့ အမိန့်ထုတ်တာမျိုး ရှိတယ် ။ " လို့ ရွှေကုက္ကိုလ် ဒေသခံက ပြောပါတယ်။
အသား ၊ငါး ရှောင်ပြီး သားသတ်လွတ် ( သက်သတ်လွတ် ) စားရမယ့် အပြင် အရက်သေစာ သောက်သုံး ခြင်းကိုလည်း ရှောင်ရှားဖို့ အသိပေးထား တယ်လို့ သိရပါတယ်။
" ဒါကြီးက သူတို့ နှစ်တိုင်းလုပ်တယ် ။ ဘာကြောင့် လုပ်သလဲ တော့သေချာ မသိဘူး ။ ခုလို ထုတ်ပြန်တား မြစ်တာ စားသောက်ဆိုင်တွေ ဒုက္ခရောက်တာပေါ့ ။ အိမ်တွေကတော့ ဝယ်ပြီးသား အသားငါးတွေ ရှိနေရင် စားချင်လဲ စားမယ် ။မစားချင်လဲ မစားဘူး ပေါ့ ။ နေ့တိုင်း တအိမ် တက်ဆင်း လိုက်စစ်တာမျိုးလည်း မဟုတ်ဘူးလေ ။ ကျွန်တော့ အမြင်ကို ပြောတာပါ။ " လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
ရွှေကုက္ကိုလ် ဒေသတွင်းမှာ သားသတ်လွတ် ( သက်သတ်လွတ် ) စားဖို့ သတ်မှတ်ထားတဲ့ ရက်အတွင်းမှာ ဒေသခံတွေ အနေနဲ့ အသား ၊ ငါး စားသုံးခြင်း ၊ အရက်သေစာ သောက်သုံးခြင်း ကို စစ်ဆေးတွေ့ ရှိပါက အရေးယူခံရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

image