မြစ်ကြီးနား - မန္တလေး လမ်းမကြီးပိတ်ထားသလို ကွင်းလမ်းတွေကလည်း သွားလို့မရတော့
မြစ်ကြီးနား - မန္တလေး ဗျူဟာလမ်းမကြီး ပိတ်ထားဆဲ ဖြစ်တဲ့အပြင် ရှောင်ကွင်းလမ်းတွေပါ သွားလာလို့ မရတော့တာကြောင့် ကုန်ကား ၊ကားကြီး ၊ ကားသေး အားလုံး ဖြတ်သန်းသွားလာခွင့် မရတော့ဘဲ ပိတ်မိနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ မြစ်ကြီးနားကနေ ဆင်းလာတဲ့ ကားတွေကို ဘောရွာ နဲ့ လွှဲဆိပ်မှာ ပိတ်ထားပြီး မန္တလေးကနေ တက်လာတဲ့ ကားတွေကိုတော့ ကျေးရွာ အလိုက်မှာ ပိတ်ထားကြောင်း ၊ ကွင်းလမ်းတွေကိုလည်း.သွားခွင့်မပြုတဲ့ အခြေအနေရှိ နေတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၁၈ ရက်နေ့ အထိ ကျေးရွာချင်းဆက် ရှောင် ကွင်းလမ်းတွေကနေ ကားသေးတွေ ဖြတ်သန်း သွားလာလို့ ရခဲ့ပေမယ့် လက်ရှိမှာတော့ သွားလာခွင့် ပိတ်ထားတာကြောင့် ကားတွေအားလုံး ပိတ်မိနေပြီး ကားတချို့ နောက်ပြန်လှည့်မှု ရှိနေတယ်လို့ သိရပါတယ်။
" ကားလမ်းပိုင်းက အခြေအနေမကောင်းသေးပါဘူး ။ ပိတ်ထားပါတယ်။ တခါတရံ ဖွင့်လိုက် ပိတ်လိုက်တော့ရှိပေမယ့်လည်း အဆင်မပြေပါဘူး။ အရင်ရက်က မန္တလေးကို ဆင်းလာတော့ ကွင်းလမ်းကသွားလို့ ရသေးတယ် ။ ရတယ်ဆိုတာ တောင် လယ်အဆင်မပြေဘူး ။ တိုက်ပွဲကလည်း ဖြစ်ချင်ရင် ထဖြစ်တာ ။ လေကြောင်းကလည်း ကြောက်ရသေးတယ်။ ရွှေဘိုလမ်းပိုင်း အခြေအနေမကောင်းပါဘူး ။ တချို့ ပြန်လှည့်လို့ရတဲ့ ကားတွေဆို ပြန်လှည့်ကြတယ်။ " လို့ ကားသမား တယောက်က ပြောပါတယ်။
မန္တလေး - မြစ်ကြီးနား လမ်းပိုင်းရှိ ရွှေဘို ၊ ခင်ဦး လမ်းပိုင်းမှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ တွေနဲ့ အစိုးရတပ် အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ဒီဇင် ဘာ ၈ ရက်ကတည်းက ဗျူဟာ လမ်းမကြီးကို သွားလာခွင့် ပိတ်ထားတာ ဖြစ်ပါတယ်။
အဲဒီနောက်မှာ ကားသေးတွေကိုတော့ ကျေးရွာချင်းဆက် ရှောင်ကွင်းလမ်းတွေကနေ အကန့်အသတ်နဲ့ သွားလာခွင့် ပြုခဲ့ပြီး ဒီဇင်ဘာ ၁၉ ရက်ကစပြီး ကားသေးတွေကိုပါ ကွင်းလမ်းကနေ သွားခွင့် မပြုတော့တာကြောင့် အရေးကြီး ကိစ္စမရှိပါက လတ်တလောမှာ မန္တလေး - မြစ်ကြီးနား လမ်းပိုင်းကို ခရီးမသွားသင့်သေးကြောင်း ကားသမားတွေက အကြံပြု ပြောဆိုနေပါတယ်။
" အကြောင်းအရာမရှိပဲ လမ်းပိတ်ထားတယ် ။ နောက်တခုက လက်နက်ကိုင် အဖွဲ့ကို ၅၀၀၀ ပေးပြီး လယ်ကွင်းထဲ အဝေးကြီးကနေဖြတ်ခဲ့ရတယ် ။ ပြီးတော့ ရှေ့နားရောက်တော့ လက်နက်ကိုင်ကလေးနှစ်ယောက်က ဂိတ်လည်း မရှိပဲနဲ့ မဖြတ်ခိုင်းပြန်ဘူး။ လယ်ထဲ နေပူထဲမှာ စားစရာမရှိနဲ့ အချိန်အကြာကြီးစောင့်ခဲ့ရတယ် ။ နောက်ဆုတ်လို့လည်း မရတဲ့ အခြေအနေဆိုတော့ သွားသွားဆိုပြီး လွှတ်ပေးတယ် ။ နောက်ဒီလမ်းမလာခဲ့နဲ့တဲ့ ။ တခြားလမ်းလည်း အကုန်ပိတ်ထားတော့ ခရီးသည်တွေ မြေလျှိုးမိုးပျံနိုင်မှ ခရီးသွားပါ ။ မဟုတ်လို့ ကတော့ ဒီလမ်းခရီး မသွားပါနဲ့ ဦးလို့ပြောချင်တယ် ။
မန္တလေး - မြစ်ကြီးနား လမ်းမကြီးပေါ်ရှိ ရွှေဘိုနဲ့ ခင်ဦး အပိုင်ထဲက လမ်းပိုင်းတွေမှာ ပိတ်ထားတဲ့ အတွက် ရွာစဥ်အလိုက်မှာ ကုန်ကားနဲ့ ခရီးသည်တင် express ကားတွေ ၊ ကားကြီးတွေ နဲ့ ကားသေးတွေ ထောင်ချီ ပိတ်မိနေတယ်လို့ သိရပါတယ်။
ပိတ်မိနေတဲ့ ကုန်ပစ္စည်း ကားတွေထဲက ကုန်စိမ်းသီးနှံ တင်ဆောင်လာတဲ့ ကားတချို့မှာ ဆိုရင် ပိတ်မိနေတာ ၁၀ ရက်ကျော် ကြာမြင့်လာပြီ ဖြစ်လို့ ကုန်ပစ္စည်းတွေ ပျက်ဆီးမှု ရှိလာနေတယ် လို့သိရပါတယ် ။
ဒီဇင်ဘာ ၁၈ ရက်နေ့ ၊ နေ့လယ်ပိုင်းကလည်း.ခင်ဦး လမ်းဆုံမှာ တိုက်ပွဲဖြစ်ပွား ပြီး လေကြောင်းတိုက်ခိုက်မှုတွေ ရှိခဲ့ကာ ထိခိုက်ပျက်စီးမှု နဲ့ လူသေဆုံးမှုတွေ အထိရှိခဲ့တယ်လို့ သိရပါတယ် ။
ပြီးခဲတဲ့ ဩဂုတ် ၂၃ ရက်နေ့ကလည်း မန္တလေး - မြစ်ကြီးနား ကားလမ်းပေါ် ရှိ ကျီကျင်းရွာနားမှာ ဒေသတွင်း လက်နက်ကိုင် တပ်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး ပိတ်မိကားတွေထဲက ကားသမား နှစ်ယောက် ကျည်ထိမှန် သေဆုံးကာ အမျိုးသမီးတယောက်ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။