ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ နယ်စပ်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်

ထိုင်းနဲ့ ကမ္ဘောဒီးယားတပ်တွေဟာ နှစ်နိုင်ငံအကြား အငြင်းပွားနေတဲ့ နယ်စပ်တလျှောက်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။
ယခုလအတွင်း နှစ်နိုင်ငံအကြား ပြန်လည်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် အရပ်သားတွေအပါအဝင် လူ ၄၀ သေဆုံးခဲ့ပြီး ခုနှစ်သိန်းကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။
ထိုင်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ဒီဇင်ဘာလလယ်မှစပြီး နယ်စပ်မှ နိုင်ငံအတွင်းပိုင်း ဒေသတွေအထိ တိုးချဲ့လာခဲ့ကြောင်း ကမ္ဘောဒီးယားက ပြောပါတယ်။ ယခုအချိန်အထိ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခံရသူအရေအတွက်မှာ ငါးသိန်းကျော်ရှိလာတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ထိုင်းစစ်တပ်ကတော့ ဥပဒေနှင့်အညီ လုပ်ဆောင်ပြီး အရပ်သားဧရိယာတွေကို ဘယ်သောအခါမှ တိုက်ခိုက်ခြင်းမပြုကြောင်း ပြောပါတယ်။ ထိုင်းဘက်ရှိ လူနေ‌ဒေသတခုကို ကမ္ဘောဒီးယားရဲ့ တိုက်ခိုက်မှုကြောင့် လူနှစ်သိန်းကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရတယ်လို့ ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဇူလိုင်လမှာ နယ်စပ်ပဋိပက္ခတွေ ရက်ပေါင်းများစွာ ဖြစ်ပွားပြီးနောက် အပစ်အခတ်ရပ်စဲရေးကို အောက်တိုဘာလမှာ ကြားဝင်ညှိနှိုင်းပေးခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ လမှာ နယ်စပ်မှာ မိုင်းပေါက်ကွဲမှုကြောင့် ထိုင်းစစ်သားတွေ ဒဏ်ရာရရှိခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ရပ်ဆိုင်းကြောင်း ထိုင်းအစိုးရက ကြေညာခဲ့ပါတယ်။
နှစ်နိုင်ငံအကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့တပ်သက်ပြီး အာဆီယံအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဒီကနေ့မှာ မလေးရှားမှာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားပြီး ထိုင်းနဲ့ ကမ္ဘောဒီးယား တာဝန်ရှိသူတွေလည်း တက်ရောက်ဖွယ်ရှိပါတယ်။

image