ယခုနှစ်အတွင်း ပီအက်စ်ဂျီအတွက် ၆ လုံးမြောက် ဆုဖလား ရရှိအောင် ပင်နယ်တီ ၄ ကြိမ် ဆက်ကာကွယ်ခဲ့ရာမှာ ဒဏ်ရာရရှိခဲ့တဲ့ သူရဲကောင်းဂိုးသမား
=================

ပီအက်စ်ဂျီဂိုးသမားမတ်ဗိုင်းဆာဖိုနော့ဗ်ဟာ ပင်နယ်တီများစွာ ဆက်တိုက် ကာကွယ်ပြပြီး ပီအက်စ်ဂျီကို Intercontinental Cup ဖလား ရရှိအောင် ကူညီလာပါတယ်။
ပြင်သစ်ထိပ်သီးကလပ်ဟာ ဗုဒ္ဓဟူးနေ့တုန်းက Fifa Intercontinental Cup ဖလားဗိုလ်လုပွဲအဖြစ် ကိုပါလီဘာတာဒို့စ်ချန်ပီယံ ဖလာမင်ဂိုနှင့် ရင်ဆိုင်ကစားခဲ့ရပါတယ်။
ယင်းပွဲမှာ ပွဲချိန်နှင့် အချိန်ပိုအတွင်း ခါဗီချာခဗာရက်ခီလီယာနှင့် ဂျော်ဂျင်ဟိုတို့ရဲ့ ဂိုးတွေကြောင့် တစ်ဂိုးစီသရေကျနေခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်ကန်ခဲ့ရပါတယ်။
လူးဝစ်အန်းနရစ်ရဲ့ ပီအက်စ်ဂျီဟာ ပင်နယ်တီအဆုံးအဖြတ်တွင် အရန်ဂိုးသမားဆာဖိုနော့ဗ်ရဲ့ လက်စွမ်းပြမှုနှင့်အတူ ၂၀၂၅ ခုနှစ်အတွင်း ၆ လုံးမြောက် ဆုဖလားအား ရယူနိုင်ခဲ့ပါတယ်။
ရုရှားဂိုးသမားဟာ ပင်နယ်တီအဆုံးအဖြတ်တွင် ပီအက်စ်ဂျီတို့ ၂-၁ ဖြင့် အနိုင်ရရှိအောင် ပင်နယ်တီ ၄ ကြိမ်ဆက်တိုက် အံ့မခန်းကာကွယ်ပေးခဲ့ပါတယ်။
သူဟာ ပင်နယ်တီအဆုံးအဖြတ်ကန်ပြီးချိန်မှာတော့ ကစားဖော်များရဲ့ လေပေါ်သို့ တင်မြှောက် ဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။
အသက် ၂၆ နှစ်ရှိ ဂိုးသမားဟာ ဒီဇင်ဘာလ ၆ ရက်နေ့တုန်းက ဦးစားပေးဂိုးသမားလူးကပ်စ်ချီဗာလီယာ ခြေကျင်းဝတ်ဒဏ်ရာရရှိသွားပြီးနောက် ပီအက်စ်ဂျီအတွက် ပထမဆုံးပွဲ ကစားခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။
တဖက်တွင် ဆာဖာနော့ဗ်ဟာ ပင်နယ်တီအဆုံးအဖြတ်ကန်ပြီးချိန်တွင် ဘယ်ဖက်လက်အရိုးအက်ဒဏ်ရာရရှိနေကြောင်း တွေ့ရပါတယ်။
သူဟာ ယင်းဒဏ်ရာကို ပင်နယ်တီကာကွယ်ချိန်တွင် ရရှိခဲ့သလား၊ ယင်းမတိုင်မီကတည်းက ရရှိသလားဆိုတာ အတိအကျ မသိရသေးပါဘူး။
ရုရှားအတွက် ၁၇ ပွဲကစားထားတဲ့သူဟာ အနည်းဆုံးတော့ ၃ ပတ်မှ ၄ ပတ်အထိ အနားယူလာရတော့မှာ ဖြစ်ပါတယ်။
ဆာဖာနော့ဗ်ဟာ ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် ခရက်စ်နိုဒါမှ ပီအက်စ်ဂျီသို့ ပြောင်းလာပြီးနောက် စုစုပေါင်း ၂၁ ပွဲ ကစားခွင့်ရထားပါတယ်။

image